တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယမန်နေ့(ဖေဖေါ်ဝါရီ ၅ ရက်)နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများအားဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်တို့တက်ရောက် ကြပြီးမြစ်ကြီးနားမြို့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် တူးမိုင်နှင့် အဖွဲ့ဝင်များ၊ ရိုမန်ကက်သလစ်အသင်းမှ ဘုန်းတော်ကြီး ဖရန့်စစ်ဒေါ့တန်နှင့် ဘုန်းတော်ကြီးများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခက်အခဲအကြပ်အတည်းများကြားမှ ကချင် ပြည်နယ်အနေဖြင့် ယခင်ကထက်တိုးတက်ဖွံ့ဖြိုးလာမှုကို ၀မ်းသာဖွယ်တွေ့မြင်ရပါကြောင်း၊ မိမိတို့ တိုင်းရင်းသားများအနေဖြင့် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှုကြသူများဖြစ်သဖြင့် ချစ်ချစ်ခင်ခင်နှင့် ယုံယုံကြည်ကြည်နေထိုင်ကြရန်လိုကြောင်း၊ လူတိုင်းသည်အေးအေးချမ်းချမ်းနှင့်နေထိုင် လိုကြပြီးကြီးပွားတိုးတက်လိုစိတ်ရှိကြကြောင်း၊ ထို့အတူနိုင်ငံတိုးတက်ရေးအတွက် လည်း အားလုံးက၀ိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးဖြစ်ပြီး အမျိုးသားနိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ထမ်းဆောင်လျက်ရှိကြောင်း၊ တပ်မတော်သာမက နိုင်ငံသားတိုင်းသည် အမျိုးသားနိုင်ငံရေးနှင့် နိုင်ငံ့အရေးကို အစွဲမကြီးအစွန်းမရောက်ဘဲတိုင်းပြည်ချစ်စိတ်ဖြင့် ဆောင်ရွက်ရန်ကြလို ကြောင်း၊ တပ်မတော်သည်နိုင်ငံတော်၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည်လည်း သာမန်ပြည်သူများမှမွေးဖွားလာကြသည့် ပြည်သူများ၏အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ တပ်မတော်သားများ နှင့်ပြည်သူ၊ တပ်မတော်သားများနှင့်နိုင်ငံတော် တစ်သားတည်းဖြစ်နေရန်လိုကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ပြည်သူ့ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အတိတ်ကိုလက်ညှိုးထိုးနေမည့်အစား သင်ခန်းစာယူပြီးပစ္စုပ္ပန်တွင်အဖြေရှာ၍မိမိတို့တိုင်းပြည်၏ အနာဂါတ်ကောင်းမွန်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ယခုအခါပြည်သူများမှ ရွေးချယ်သည့်ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းလျက်ရှိပြီး ခိုင်မာမှုရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက်ကူညီဆောင်ရွက်ပေးသကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တပ်မတော်မှထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည့်အတိုင်း ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲ ပေးထားပြီးဖြစ်ကြောင်း၊ စစ်ဘေးရှောင် စခန်းများမှ ပြည်သူများ မိမိအိမ်၊ မိမိနေရပ်သို့ အမြန်ဆုံးပြန်လာနိုင်ပြီး မိမိအလုပ်ကိုမိမိ စိတ်အေးချမ်းသာစွာ လုပ်ကိုင်ကြစေလိုကြောင်း၊ စစ်ဘေးရှောင်စခန်းများကိုအကြောင်း ပြု၍ တိုင်းရင်းသားပြည်သူများအပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆင်ခြင်ကြရန် လိုကြောင်း၊ အပစ်အခတ်ရပ်စဲ ပေးထားသည့်ကာလအတွင်း အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြရန်လိုကြောင်း၊ NRPC နှင့်ဖြစ်စေ၊ တပ်မတော် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့်ဖြစ်စေ တစ်ဖွဲ့ချင်းတွေ့ဆုံနိုင်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေး ကိုဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်သူအတွက်၊ နိုင်ငံအတွက်၊ ဒေသအတွက်မထိခိုက်အောင်၊ တစ်နိုင်ငံလုံးအတွက်အကျိုးရှိအောင် ဆင်ခြင်တုံတရား၊ အသိတရား၊ သတိတရားများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စစ်ဘေးရှောင်စခန်းများမှ တိုင်းရင်းသားပြည်သူများ နေရပ်ပြန်နိုင်ရေး အတွက်အဖွဲ့အစည်း အားလုံးမှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်၏ ထုတ်ပြန်ချက်ကိုလည်း ၀မ်းမြောက်စွာကြိုဆိုမှုနှင့် ငြိမ်းချမ်းရေးရရှိရန် အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများနှင့် ကချင်ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာရေးဆိုင်ရာအဖွဲ့ခေါင်းဆောင်များမှလည်း ပူးပေါင်းဆောင်ရွက်နေသည့်အခြေအနေများ၊ ကချင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် တပ်မတော်မှဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများအား ရင်းရင်းနှီးနှီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကချင်ပြည်နယ်ရိုမန်ကက်သလစ်အသင်းတော်က ၎င်းတို့အနေဖြင့် မြစ်ဆုံစီမံကိန်းအား လက်မခံကြောင်း၊ကန့်ကွက်ပါကြောင်းနှင့် လုံးဝရပ်ဆိုင်းပေးရန်တောင်းဆိုပါကြောင်း ပြောကြားရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြည်သူ့ ဆန္ဒကိုကျော်လွန်လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ အကောင်းဆုံးအဖြေရရှိရန် ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကချင်နှစ်ခြင်းခရစ်ယာန် နှင့် ကက်သလစ်အသင်းမှ ဘုန်းတော်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။
Popular News Journal
0 comments:
Post a Comment