မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နွယ်ဖွားအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကပြောသည်။
"မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှုအတွက် ရန်ကုန်မြို့ဟာ အထူး အရေးလှပါတယ်။ဒါကြောင့် ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမယ့်နှစ်သစ်အခါသမယမှာ ကျွန်တော်တို့ ညီညီညွတ်ညွှတ်နဲ့ ဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နွယ်ဖွားအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် နှစ်သစ်ကူးနှုတ်ဆက် အမှာ စကားပြောကြားရာ၌ ဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တရုတ်မြန်မာချစ်ကြည်ရေးအတွက် တရုတ်မြန်မာ စီးပွားရေး စင်္ကြန်လမ်းတည်ဆောက်ရေး အစီစဉ်များအားလုံးတွင် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးသည် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်သစ်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပါဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သည့် တရုတ် နွယ်ဖွားတို့ကို ကိုယ်စားပြုသည့် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းကရန်ကုန်မြို့ China Town တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ နှစ်သစ်ကူးပွဲတော်သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး Mr. Hong Liang တို့ တက်ရောက်ခဲ့သည်။
Mizzima - News in Burmese
0 comments:
Post a Comment