ဘဏ်အချင်းချင်းဈေးကွက်အကြား ဒေါ်လာ ၀ ဒသမ ၀၁ ဘီလျံသာ အရောင်းအဝယ်ရှိရာမှ လက်ရှိတွင် ဒေါ်လာ နှစ်ဘီလျံအထိ မြင့်တက်လာနေကြောင်းနှင့် ငွေကြေးဈေးကွက်အဆင့်မြှင့်တင်ရန် ဈေးကွက်အခြေခံသော ရည်ညွှန်းငွေလဲလှယ်နှုန်းကို ဖေဖော်ဝါ ရီ ၅ ရက်(ယနေ့)မှ စတင်ထုတ်ပြန်မည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ယခုအခါတွင် ရည်ညွှန်းငွေလဲလှယ်နှုန်းကို အရောင်း / အဝယ်နှစ်မျိုးပြုလုပ်သော နိုင်ငံခြားငွေ လေလံဈေးကွက် (Two – way - auction) မှ Cut – off rate ဖြင့် အခြေခံသတ်မှတ်ခြင်းကို ကျင့်သုံးနေပြီး ယင်းစနစ်မှာ ၂၀၁၂ ခုနှစ်က နိုင်ငံခြားငွေကြေးဈေးကွက်တိုးတက်မှုအတွက် ပံ့ပိုးပေးရန် စတင်ကျင့်သုံးခဲ့သောစနစ် ဖြစ်သည်။ ယင်းလေလံစနစ်သည် နိုင်ငံခြားငွေကြေးဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဈေးနှုန်းသတ်မှတ်ပေးမှုတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ ဘဏ်အချင်းချင်း Interbank ဈေးကွက်၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၁ ဘီလျံမျှသာ အရောင်းအဝယ်ရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ နှစ်ဘီလျံသို့ တိုးတက်ခဲ့ပြီး ဆက်လက်၍ တိုးတက်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုအဆင့်မြှင့်တင်ရေးအတွက် နိုင်ငံတကာ ဗဟိုဘဏ်များ ကျင့်သုံးသည့်စနစ်နှင့်အညီ ဈေးကွက်ကို အခြေခံ၍ ပျမ်းမျှအလေးပေးတွက်ချက်သော ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရည်ညွှန်းငွေလဲလှယ်နှုန်း ထုတ်ပြန်သည့်အချိန်ကို နေ့တစ်နေ့အတွက် အချက်အလက်အားလုံး ရရှိနိုင်သည့်အချိန် ညနေ ၄ နာရီသို့ ပြောင်းလဲထုတ်ပြန်မည်ဖြစ်ပြီး ဗဟိုဘဏ်က နံနက်ပိုင်းထုတ်ပြန်သော ရည်ညွှန်းငွေလဲလှယ်နှုန်းအတွက် လက်ရှိကျင့်သုံးနေသောစနစ်မှာ ယခင်လုပ်ငန်းဆောင်ရွက်သည့်နေ့၏ ပျမ်းမျှအလေးပေးတွက်ချက်ထားသည့်နှုန်းကို အသုံးပြုထားရာ အထူးသဖြင့် ပိတ်ရက်ရှည်များ သို့မဟုတ် သီတင်းပတ်၏ အလုပ်ပိတ်ရက်များ ကုန်ဆုံးပြီးနောက်နေ့များတွင် လက်ရှိဈေးကွက်ငွေလဲလှယ်နှုန်းနှင့် လိုက်လျောညီထွေမရှိခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ယခု ပြောင်းလဲအသုံးပြုမည့်စနစ်မှာ တူညီသော နေ့မှာပင် ရည်ညွှန်းငွေလဲလှယ်နှုန်းကို ထုတ်ပြန်မည်ဖြစ်သည့်အတွက် ထိုသို့လိုက်လျောညီထွေမရှိမှုကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
ဗဟိုဘဏ်သည် မြန်မာ၌ ကျပ်ငွေဖြင့် အခြားနိုင်ငံခြားသုံးငွေကြေးများ၏ လဲလှယ်နှုန်းများကိုလည်း သတ်မှတ်မည်ဖြစ်ပြီး ယင်းသို့တွက်ချက်ခြင်းကို နိုင်ငံတကာဈေးကွက်များတွင် ဖြစ်ပေါ်နေသော လဲလှယ်နှုန်းများအရ သို့မဟုတ် အဆိုပါငွေကြေးထုတ်ဝေသော နိုင်ငံ၏ ဘဏ်အချင်းချင်းအကြား ငွေကြေးဈေးကွက်တွင် Cross - currency လဲ လှယ်နှုန်းများအပေါ် အခြေခံသတ်မှတ်မည် ဖြစ်သည်။
ဤနေရာတွင် သတိပြုရမည့်အချက်မှာ ရည်ညွှန်းငွေလဲလှယ်နှုန်းသည် ရည်ညွှန်းကိန်းတစ်ခုသာဖြစ်၍ မဖြစ်မနေအသုံးပြုရမည့် နှုန်းထားတစ်ခု မဟုတ်ခြင်းပင်ဖြစ်ပြီး နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ယင်းတို့၏ နိုင်ငံခြားငွေကြေးလဲလှယ်လွှဲပြောင်းသည့် လုပ်ငန်းများတွင် ရည်ညွှန်းငွေလဲနှုန်းကို မဖြစ်မနေ အသုံးပြုရန် မလိုအပ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကောက်ခွန်ဆိုင်ရာ စာရင်းရှင်းလင်းချက်များ၊ စာရင်းရေးသွင်းမှုများနှင့် စာရင်းအင်းအချက်အလက် ပြုစုရန်ကိစ္စရပ်များအတွက်မူ ယခင်နေ့ ရည်ညွှန်းငွေလဲလှယ်နှုန်းကို အသုံးပြုနိုင်ပြီး အများပြည်သူအတွက် အချက်အလက်များ တိုးမြှင့်ရရှိနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နေ့စဉ်တွက်ချက် ရရှိသော Nominal Effective Exchange Rate (NEER) နှင့် လစဉ်တွက်ချက်ရရှိသော Real Effective Exchange Rate (REER) အချက်အလက်များကို ပုံမှန်ထုတ်ပြန်သွားမည် ဖြစ်သည်။
ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေဆိုင်ရာ ရည်မှန်းချက်တစ်ခုမှာ အချိန်တိုအတွင်း ငွေလဲလှယ်နှုန်းတက်ခြင်း/ကျခြင်း ကြီးကြီးမားမား မဖြစ်စေရန်ဖြစ်ပြီး အဆိုပါရည်ရွယ်ချက်ကို အောင်မြင်စေရန် ဗဟိုဘဏ်အနေဖြင့် အဆင့်ဆင့်တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းတက်ခြင်း /ကျခြင်း ကြီးမားစွာဖြစ်ပေါ်ပါက ဗဟိုဘဏ်က ထိုအပြောင်းအလဲကြီးခြင်းကို လျော့ပါးစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်သွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်အနေဖြင့် လိုအပ်သလို ထပ်မံအသိပေး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Eleven Media Group
0 comments:
Post a Comment