Tuesday, February 26, 2019

အမေရိကန် စစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းမှုကြောင့် တရုတ် အမျက်ထွက်နိုင်


အမေရိကန်ပြည်ထောင်စုသည် တနင်္လာနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းရန် စစ်သင်္ဘောနှစ်စင်း စေလွှတ်လိုက်ပြီး တရုတ်နိုင်ငံက ကန့်ကွက်နေသည့် ကြားမှ မဟာဗျူဟာမြောက် ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းမှုများကို အရှိန်မြှင့်နေသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ 
ရေတပ်သင်္ဘောများ ဖြတ်သန်းမှုသည် တရုတ်နှင့် တင်းမာမှုများကို မြင့်တက်စေနိုင်သော်လည်း တစ်ထီးတစ်နန်း ထိုင်ဝမ်ကမူ ထိုင်ပေနှင့် ဘေဂျင်းအကြား ပွတ်တိုက်မှုများ ကြီးထွားနေချိန်တွင် ထရမ့်အစိုးရ၏ ထောက်ခံမှုလက္ခဏာအဖြစ် ရှုမြင်မည်ဖြစ်သည်။ 

စစ်သင်္ဘောခရီးစဉ်သည် အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေး အငြင်းပွားမှု ဖြေရှင်းနိုင်ရန် အလွန်နီးကပ်လာပြီဟု ထရမ့်က ပြောဆိုလိုက်ချိန်နှင့် တိုက်ဆိုင်နေသည့်အပြင် သမ္မတထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအကြား ဟနွိုင်းထိပ်သီးဆွေးနွေးပွဲ စတင်ရန် ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

အမေရိကန်စစ်သင်္ဘောများသည် အင်ဒိုပစ္စဖိတ် ရေလမ်းကြောင်း လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ကို ဝါရှင်တန်က တာဝန်ယူကြောင်း ထပ်မံပြသခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် ပစ္စဖိတ်ရေတပ် ဌာနချုပ်က ထုတ်ပြန်ပြောကြားသည်။ 

ဖြတ်သန်းခုတ်မောင်းခဲ့သော စစ်သင်္ဘောနှစ်စင်းမှာ ဖျက်သင်္ဘော စတက်သမ်နှင့် ခဲယမ်းမီးကျောက် ပို့ဆောင်ရေး သင်္ဘော ဆီဇာချာဗက်ဇ်တို့ဖြစ်သည်ဟု သိရှိရသည်။ ၁၁၂ မိုင်ကျယ်သော ထိုင်ဝမ် ရေလက်ကြားသည် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးကို ပိုင်းခြားထားသည်။ 

ယင်းကဲ့သို့ ဖြတ်သန်းမှုမျိုးကို ဆတ်ဆတ်ထိမခံ ရန်တွေ့ ကန့်ကွက်လေ့ရှိသော ဘေဂျင်းသည် ယခုကိစ္စတွင် ချက်ခြင်း မှတ်ချက်ပေးခြင်း မရှိသေးပေ။ 

အမေရိကန်စစ်သင်္ဘောများသည် မြောက်ဖက်လမ်းကြောင်းအတိုင်း ရေလက်ကြားမှ ဖြတ်သန်းထွက်ခွာသွားပြီဖြစ်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့က ကြေညာသည်။ 

ဝါရှင်တန်သည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ထားခြင်း မရှိသော်လည်း ထိုင်ဝမ်ကျွန်း ကာကွယ်ရေးကို အကူအညီပေးရန် ဥပဒေပြဋ္ဌာန်းထားသည်။ ၂၀၁၀ နောက်ပိုင်း ထိုင်ဝမ်သို့ လက်နက် ၁၅ ဘီလီယံဖိုး ရောင်းချပေးထားသည်ဟု ပင်တဂွန်က ပြောကြားသည်။ 

တရုတ်ပြည်မသည် ထိုင်ဝမ်ကို ပြည်မ၏ အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ထားသည့်အပြင် ပြည်မ၏ အုပ်ချုပ်မှုကို လက်မခံလျှင် လိုအပ်ပါက တိုက်ခိုက်ရ လိမ့်မည်ဟု ရှီကျင့်ဖျင်က ၂၀၁၉ နှစ်ကူး မိန့်ခွန်းတွင် ခြိမ်းခြောက်ထားသည်။ 

ထို့ပြင် ဘေဂျင်းသည် စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကိုလည်း ထိုင်ဝမ်ကျွန်းကိုပတ်ရန် အကြိမ်ကြိမ် စေလွှတ်လေ့ရှိပြီး ထိုင်ဝမ်၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံအဆက်အသွယ်များကိုလည်း ဖြတ်တောက်ရန် ကြိုးစားလျက်ရှိသည်။ 

ယခုနှစ် အစောပိုင်း အမေရိကန် စစ်ဘက်ထောက်လှမ်းရေးဌာန အစီရင်ခံစာ တစ်စောင်တွင် ထိုင်ဝမ်အရေးသည် တရုတ်စစ်တပ် ခေတ်မီပြောင်းလဲမှု အစီအစဉ်များအတွက် အဓိကတွန်းအားတစ်ရပ် ဖြစ်ခဲ့သည်ဟု သုံးသပ်ထားသည်။ 

ဒီမိုကရေစီကျင့်သုံးသော ထိုင်ဝမ်ကမူ ကွန်မြူနစ်အာဏာရှင် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုကိုခံယူရန် စိတ်မဝင်စားကြောင်း ပြသထားသည်။

The Voice

0 comments:

Post a Comment