Tuesday, February 26, 2019

ပူတင် သတိပေးပြီးနောက် ရုရှားက အမေရိကန်ရှိ နျူကလီးယားပစ်မှတ်များကို စာရင်းထုတ်ပြန်



နျူကလီးယားတိုက်ခိုက်မှု ဖြစ်လာပါက ရုရှားက ပစ်ခတ်မည့် အမေရိကန် စစ်ဘက်ပစ်မှတ်များကို ရုရှားရုပ်သံက စာရင်းထုတ်ပြန်လိုက်ပြီး မော်စကိုက လုပ်ဆောင်နေသည့် အသံထက်မြန်သော ဒုံးကျည်သည် ယင်းပစ်မှတ်များကို ငါးမိနစ်အတွင်း ထိမှန်နိုင်သည်ဟု ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ 
ပစ်မှတ်စာရင်းတွင် ပင်တာဂွန်၊ မေရီလန်းရှိ ဒေးဗစ်စခန်း၊ သမ္မတ၏ စစ်ရေးကွပ်ကဲမှုစင်တာ၊ ၁၉၉၈ က ပိတ်ခဲ့သော မေရီလန်း စစ်သင်တန်းကျောင်း၊ ၂၀၀၁ က ပိတ်ခဲ့သော မက်ကလန် လေတပ်စခန်းနှင့် ဝါရှင်တန်အခြေစိုက် ရေတပ်ဆက်သွယ်ရေး ဌာနချုပ်တို့ ပါဝင်သည်။ 

ဝါရှင်တန်က အလိုရှိလျှင် ကျူးဘား ဒုံးကျည်ပြဿနာကဲ့သို့ တစ်ပွဲတစ်လမ်း အကဲစမ်းရန် မော်စကိုက အဆင်သင့်ရှိသည်ဟု ပူတင်က လေသေနတ်ဖောက်ပြီးနောက် ရုရှားရုပ်သံက လုပ်လေ့လုပ်ထ မရှိသော ရန်စသည့်ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

စစ်အေးခေတ် ဒုံးကျည်ထိန်းချုပ်ရေး စာချုပ်ပျက်ပြားသွားခြင်းကြောင့် အမေရိကန်က ဥရောပတွင် တာလတ်ပစ် နျူကလီးယားဒုံးကျည်များ လာရောက်ဖြန့်ကြက်မည့်အရေးကို စိုးရိမ်နေသည့် ပူတင်က အသံထက်မြန်သော နျူကလီးယားဒုံးကျည် ပစ်လွှတ်နိုင်သော ရေငုတ်သင်္ဘောများကို အမေရိကန်ရေပြင်သို့ စေလွှတ်ခြင်းဖြင့် တုံ့ပြန်ရလိမ့်မည်ဟု ပြောဆိုခဲ့သည်။ 

အမေရိကန်က ပူတင်၏ သတိပေးချက်ကို အန္တရာယ်များသော ဝါဒမှိုင်းတိုက်မှုအဖြစ် ကန့်ကွက်ရှုတ်ချလိုက်ပြီး လောလောဆယ်တွင် ဥရောပ၌ ဖြန့်ကျက်စရာ တာလတ်ပစ်ဒုံးကျည် မရှိသေးဟု ပြောကြားထားသည်။ 

သို့ရာတွင် ဝါရှင်တန်သည် ၁၉၈၇ တာလတ်ပစ် ဒုံးကျည်ထိန်းချုပ်ရေးစာချုပ်မှ နုတ်ထွက်လိုက်သည့်အတွက် ယင်းကဲ့သို့ ဒုံးကျည်မျိုးကို ထုတ်လုပ်ဖြန့်ကြက်ရန် လွတ်လပ်ခွင့် ရှိနေပြီဖြစ်သည်။ 

ပင်တာဂွန်စစ်ဌာနချုပ်က ပူတင်၏ ခြိမ်းခြောက်မှုသည် နေတိုးကို ပိုမိုစည်းလုံး စေရုံသာရှိလိမ့်မည်ဟု တုံ့ပြန်ပြောကြားသည်။ 

“ပူတင်က လေကြီးလေကျယ် ခြိမ်းခြောက်တဲ့ စကားလုံးတွေ ပြောဆိုပြီး သူ့ရဲ့ ကမ္ဘာဖျက်လက်နက်တွေကို ထုတ်ကြွားတဲ့ အခါတိုင်း နေတိုးကို ပိုပြီး စည်းလုံးသွားစေပါတယ်”ဟု ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ အီရစ်ပါဟွန်းက ပြောကြားသည်။ 

ပူတင်၏ ခြိမ်းခြောက်မှုသည် မော်စကိုက ကြာမြင့်စွာ တွန်းအားပေးနေသည့် အင်အားကြီးနှစ်နိုင်ငံ မဟာဗျူဟာမြောက် ဟန်ချက်မျှတရေး ဆွေးနွေးမှုများကို ပြန်စနိုင်ရန် ကြိုးစားသည့် နည်းဗျူဟာဖြစ်သည်ဟု အကဲခတ်အချို့က ရှုမြင်ကြသည်။ 

ရုရှားက အကောင်အထည်ဖော်နေသည့် အသံထက်မြန်သော ဇာကွန် ဒုံးကျည်သည် ရေငုတ်သင်္ဘောမှ ပစ်လွှတ်ပါက အမေရိကန်ပစ်မှတ်များကို ငါးမိနစ်အတွင်း ထိမှန်နိုင်သည်ဟု ကရင်မလင်နှင့် နီးစပ်သူ ကစ်ဆီရော့ဗ်က ရုရှားရုပ်သံမှ ပြောကြားခဲ့သည်။ 


ကစ်ဆီရော့ဗ်က “လက်ရှိမှာတော့ ဘယ်သူ့ကိုမှ မခြိမ်းခြောက်ပါဘူး။ ဒါပေမဲ့ ဥရောပမှာ အမေရိကန်ဒုံးကျည်တွေ လာထားမယ်ဆိုရင်တော့ ချက်ချင်းတုံ့ပြန်မှာပါ”ဟု ၎င်းက ပြောကြားသည်။

The Voice 

0 comments:

Post a Comment