ဝေးလံခေါင်သီသော နေရာများ တွင် အလုပ်လုပ်ခြင်းကို ၀န်ထမ်းများ မကြောက်ရွံ့ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယမန် နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ် စတင် ခဲ့ရာ တာချီလိတ်မြို့၌ ဒေသခံပြည်သူတစ်ဦး က ၎င်းတို့မြို့တွင် လက်ထောက်ဆရာဝန် များ ဖြည့်ဆည်းပေးရန်တောင်းဆိုစဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။
‘‘တာဝန်ထမ်းဆောင်တယ်ဆိုတာ တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်းမှာ၊ အဲဒီနှစ် ပိုင်းကာလအချိန်အတွင်းမှာ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်ရဲ့ ပြည်သူ ပြည်သားတွေအတွက်၊ လူသားတွေအတွက် တကယ့်မေတ္တာ စေတနာစိတ်နဲ့ မလုပ်ပေးချင်ဘူးလား။ လုပ် ပေးနိုင်သမျှလုပ်ပေးကြဖို့ ကျွန်မအနေနဲ့ အခု လိုအခွင့်အရေးရှိတုန်း လုပ်ပေးနိုင်သမျှ လုပ်ပေးကြဖို့ ကျွန်မအနေနဲ့ အခုလို အခွင့်အရေးရှိတုန်း မေတ္တာရပ်ခံချင်ပါ တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
မည်သူမဆို ခက်ခဲစွာနေထိုင်ရသည့် နေရာများသို့ သွားလိုစိတ်မရှိဘဲ သွားလိုစိတ်မရှိသည့် ၀န်ထမ်းများကို အပြစ်ဆိုခြင်းမဟုတ်ဘဲ ယင်းသည် သဘာဝဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြား သည်။ သို့သော် သက်သာစွာ နေထိုင်ရသည့် နေရာများထက် လွန်စွာခက်ခဲသည့် နေရာများတွင် သွားရောက်တာဝန် ထမ်းဆောင်ခြင်းဖြင့် နေ့စဉ်အခက်အခဲ ရင်ဆိုင်နေရသည့် ပြည်သူများနှင့်အတူ ရုန်းကန်ကာ ၎င်းတို့၏ဘ၀များ မြင့်မားစေရန် ဆောင်ရွက်ပေးခြင်းက ပိုမိုကျေနပ်စရာ ကောင်းကြောင်း ၎င်းကတိုက်တွန်းသည်။
‘‘အဲဒီလို လုပ်ပေးရင် ဒေသခံတွေကလည်း အင်မတန်မှ ပျော်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ နယ်ဘက်မှာဆိုရင် ဆရာဝန်တွေ၊ ဆရာမတွေ၊ ကျောင်းဆရာ၊ ဆရာမတွေကို နယ်သူ၊ နယ်သားတွေ၊ ရွာသူ၊ ရွာသားတွေက အင်မတန် လေးစားတယ်။ အင်မတန်ချစ်ခင်တယ်။ အင်မတန်မှ နွေးနွေးထွေးထွေးနဲ့ ၀န်းရံထားတယ်။ အဲဒါကို တန်ဖိုးထားကြတယ်။ မြို့ကြီးတွေမှာ တိုက်ပေါ်မှာနေတာနဲ့ မတူဘူးဆိုလို့ တိုက်ပေါ်မှာ နေလို့ရတဲ့ နွေးထွေးမှုနဲ့ ရွာထဲမှာနေလို့ ရတဲ့ နွေးထွေးမှုနဲ့ကလည်း မတူပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
တာချီလိတ် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ အရှေ့၊အနောက်၊ တောင်၊ မြောက်ရှိပြည်ထောင်စုသား တိုင်းရင်းသားများ၏ လိုအပ်ချက်သည် အတူတူ ဖြစ်ကြောင်းနှင့် ပြည်ထောင်စု စိတ်ဓာတ်ကို စွဲမြဲစွာဖြစ်စေရန် တိုက်တွန်းသည်။
ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်သည် အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်နေသူများကို ပြည်သူလူထုအား လွယ်လွယ်ဖြင့် ကတိမပေးရန်နှင့် ပေးထားသည့်ကတိ များကို တည်စေရန် သတိပေးပြောကြားသည်။ မဖြစ်နိုင်သည့်ကိစ္စရပ်များကို မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သေချာစွာ ရှင်းပြရန် အစိုးရအဖွဲ့ဝင်များကို သတိပေးလိုကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့တွင် တာချီလိတ်မှတစ်ဆင့် မိုင်းယောင်းနှင့် ကျိုင်းတုံမြို့သို့ ခရီးဆက်ခဲ့ပြီး မိုင်းယောင်းတွင် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
7Day
0 comments:
Post a Comment