လာမည့်ဖေဖော်ဝါရီလ ၁၂ ရက်တွင်ကျရောက်မည့် ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့ရှိ သမိုင်းဝင် ပင်လုံကျောက်တိုင်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးဆောင်ကာ နိုင်ငံရေး စာတမ်းဖတ်ပွဲများနှင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
ယင်းပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပါတီအသီးသီးမှ လူငယ်များလည်းပါဝင်ကာ ဖက်ဒရယ် ဒီမိုကရေစီဆိုင်ရာ စာတမ်းများဖတ်ကြားခြင်း၊ စကားဝိုင်း ဆွေးနွေးပွဲ အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း အခမ်းအနား ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ကိုမောင်မောင်ဦးက ပြောကြားသည်။
အဆိုပါပွဲသို့ NLD ပါတီမှ လူငယ်ခုနစ်သောင်းကျော် တက်ရောက်မည်ဖြစ်ပြီး တိုင်းနှင့် ပြည်နယ် အသီးသီးမှ ပါတီဝင်လူငယ်များ ပါဝင်မည်ဖြစ်ကြောင်း၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ညပိုင်းတွင် ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခြင်း ရှိ မရှိကိုမူ သေချာမပြောနိုင်သေးကြောင်း ဦးမောင်မောင်ဦးက ဆက်လက်ပြောဆိုသည်။
နှစ် ၇၀ ပြည့် ပြည်ထောင်စုအခမ်းအနားကို ပင်လုံမြို့တွင်ကျင်းပခဲ့ရာ ယင်းအချိန်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးစကားဝိုင်းကိုလည်း ပင်လုံကျောက်တိုင်ဘေးတွင် ပြုလုပ်ခဲ့သေးသည်။
သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် ပင်လုံကျောက်တိုင်နေရာ၌ တစ်ဧကခန့် ကျယ်ဝန်းသည့် ပန်းခြံငယ်တစ်ခု ပြုလုပ်ထားပြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ပင်လုံစာချုပ်တွင်ပါဝင်ခဲ့သည့် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ ရုပ်ပုံများကို ဆိုင်းဘုတ်များဖြင့် ပြင်ဆင်ထားသည်။
The Voice
0 comments:
Post a Comment