အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကယားပြည်နယ်ရုံးရှေ့မှာ ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ သပိတ်စခန်းဖွင့်နေတဲ့ ကရင်နီလူငယ်ဦးဆောင်သူတွေကို ပြည်နယ် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဦးသောင်းဌေးက မနေ့ညနေပိုင်းက ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
အခုလို တွေ့ဆုံရာမှာ ကရင်နီလူငယ်တွေက ဗိုလ်ချုပ်ကြေးရုပ်ကို ရွှေ့ပြောင်းပေးရေး၊ ဒီကိစ္စအပေါ် အန်အယ်လ်ဒီပါတီက တာဝန်ယူဖြေရှင်းပေးရေးနဲ့ ပြည်နယ်အတွင်း ပြည်သူ့ဆန္ဒခံယူ ဖို့ စတဲ့အချက် ၃ ချက်ကို တောင်းဆို ဆွေးနွေးခဲ့ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းဌေးက ခုလို ပါတီရုံးရှေ့ ကန့်ကွက် သပိတ်စခန်းဖွင့်တာဟာ နိုင်ငံရေးအမြတ်ထုတ်တာဖြစ်လို့ တရားဝင်ကန့်ကွက်ကြောင်းနဲ့ သပိတ်စခန်းပိတ်ဖို့ ပြောဆိုခဲ့တယ်လို့ ကရင်နီလူငယ်အင်အားစု သပိတ်ကော်မတီ ပြောခွင့်ရသူ ကိုဒီးဒီစစ်မုန်းက ပြောပါတယ်။
“သူက ကျနော်တို့ သပိတ်စခန်းနဲ့ပတ်သက်လို့ ပါတီရုံးရှေ့မှာ သပိတ်စခန်းဖွင့်တာက ပါတီရဲ့ပုံရိပ်ကို ကျဆင်းစေတဲ့အတွက် ရွှေ့ဆိုင်းပေးဖို့၊ မလုပ်ဖို့၊ နောက်တခုက ဒီလိုလုပ်တာက နိုင်ငံရေးအမြတ်ထုတ်တယ်ဆိုတဲ့ဟာကို စာထဲမှာလည်း အဲလိုရေးထားတာပေါ့နော်။ ဆိုတော့ ကျနော်တို့ ပြန်လည်ဖြေရှင်းတာက ကျနော်တို့ပြည်နယ်မှာ အခုပြဿနာဖြစ်နေတဲ့ ကြေးရုပ်က ကြေးရုပ်ကို အစပြုတာက အန်အယ်ဒီပါတီကနေပြီးမှ ၀န်ကြီးချုပ်ဖြစ်သွားတဲ့ ဦးအယ်လ်ဖောင်း ရှိုဖြစ်တယ်ပေါ့နော်။ ဆိုတော့ အန်အယ်ဒီပါတီကနေ ကိုယ့်ပါတီအနေနဲ့ ၀န်ကြီးချုပ်ဖြစ်သွားတဲ့ အဲလို လူတယောက်ကို ပြည်နယ်ထဲပြဿနာကြီးမားစွာ ဖြစ်နိုင်တဲ့ဟာကို တာဝန်ရှိ တယ်ဆိုတဲ့အကြာင်းကို ကျနော်တို့ ပြောတာပေါ့နော်။”
ကရင်နီလူငယ်တွေကတော့ ဒီကိစ္စ ပြေလည်မှုမရမချင်း ဆက်လက်ပြီး သပိတ်စခန်းဖွင့် တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်ကို ကရင်နီပြည်မှာ မထားဖို့ ကန့် ကွက်မှုတွေရှိနေပေမယ့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ လွိုင်ကော်မြို့ ဂန္ဒာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကို ထားရှိ ဖွင့်လှစ်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်ကို ကယားပြည်နယ်မှာ မထားဖို့ ဇန်နဝါရီ ၃၁ ရက်က ထိုင်သပိတ်ဆင်နွှဲ ကန့်ကွက်ခဲ့တဲ့ ကရင်နီလူငယ် ၂၀ ဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ (၁၉)နဲ့ ပြည်နယ် အာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။
သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး
DVB
0 comments:
Post a Comment