မကွေးမြို့၊ နံကပ်ကျွန်းအုပ်စု၊ ငွေသောင်ယံသောင်ပြင်မှာ ဖေဖော်ဝါရီ ၃ ရက်ညနေက လာရောက်အပန်းဖြေသူ ၄ ဦး ဧရာဝတီမြစ်ရေစီးနဲ့ မျောပါခဲ့ရာ အမျိုးသမီး ၁ဦး အသက်ရှင်လျက် ဆယ်ယူရရှိပြီး ပျောက်ဆုံးနေတဲ့ အမျိုးသား ၃ ဦးကိုတော့ ဖေဖော်ဝါရီ ၄ ရက်မှာ အလောင်း ဆယ်ယူရရှိခဲ့ပါတယ်။
အပျော်စီး လှေအဖွဲ့ ခေါင်းဆောင် ကိုလှထွန်းက “သူတို့ ရှစ်ယောက်အဖွဲ့မှာ ရေကစားသူ လေးယောက်နစ်တာဖြစ်ပြီး တယောက်ပဲ ဆယ်လို့ရခဲ့တာပါ။ ဖြစ်ဖြစ်ချင်း ကုန်းပေါ်မှာရှိတဲ့သူတွေ အော်ဟစ်အကူညီတောင်းရင်တော့ လှေတွေနဲ့ လိုက်ဆယ်ပေးလို့ ရတာပေါ့” လို့ ပြောပါတယ်။
မကွေးမြို့ ရှင်ဝိုင်းဟင်္သာတမုန့်ဟင်းခါးဆိုင်က ရေလာချိုးတဲ့ ဆိုင်ရှင်ရဲ့သား အပါဝင် ၄ယောက်ဟာရေကြောင်းကို အတိမ်ထင်ပြီး တဖက်ကမ်းကိုဖြတ်သွားရာက မျောပါနစ်မြှုပ်ခဲ့တာပါ။
မြစ်ထဲမှာဦးထုပ်ပေါ်နေတဲ့အတွက် မြို့ဟောင်ရပ်က ရေလုပ်သားက ကယ်ဆယ်ခဲ့ရာမှာ အမျိုးသမီးတဦး အသက်ရှင်ခွင့်ရပြီး ကျန်သုံးဦး ပျောက်ဆုံးနေခဲ့ ပါတယ်။
ပျောက်ဆုံးနေတဲ့ အမျိုးသားအလောင်းတွေကိုတော့ နောက်တနေ့ ဖေဖော်ဝါရီလ ၄ ရက်မှာ ရှာဖွေ တွေ့ရှိခဲ့ပြီး မကွေးမြို့မ ရဲစခန်းမှာ သေမှုသေခင်းနဲ့အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ နံကပ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြဝင်းက ပြောပါတယ်။
အဆိုပါ ငွေသောင်ယံ အပန်းဖြေသောင်ပြင်ဟာ ပြီးခဲ့တဲ့ ၂ လခန့်က ကျေးရွာအုပ်ချုပ်ရေးမှူး အစီအစဉ်နဲ့ ဖွင့်လှစ်ခဲ့တာပါ။ အထက်ဌာနက ပိတ်ခိုင်းပါက ပိတ်ပေးသွားမှာဖြစ်ပြီး ဆက်လက် ခွင့်ပြုပါက စည်းကမ်းတကျ ဆောင်ရွက်သွားမယ်လို့ နံကပ်ကျွန်းလအုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
နံကပ်ကျွန်းကျေးရွာ ရပ်မိရပ်ဖ ဦးတင်ရှိန်ကတော့ “ဖြစ်ပြီးမှတော့ ဝမ်းနည်းရုံက လွဲပြီးဘာမှ မတတ်နိုင်တော့ဘူး မိဘတွေအနေနဲ့ ကလေးတွေကို မြစ်ဆိပ်ကို မသွားဖို့ တားမြစ် သင့်တယ်။ အုပ်ထိန်းသူမပါဘဲ လူငယ်ဘာသာဘာဝ သောက်ကြစားကြမယ် ဆိုရင် အခုလို ဖြစ်စဉ်မျိုး ထပ်ဖြစ်နိုင်တယ်။ ဒီလိုအဖြစ်ဆိုးမျိုး မကြုံရအောင် အပျော်စီးလှေသမားတွေကလည်း အသက်ကယ်ဘောကွင်းတွေ ဆောင်ထားပြီး၊ လူငယ်တွေအနေနဲ့ ဒေသခံတွေကို ရေအတိမ်အနက် မေးပြီးမှ ဆော့ကစားသင့်တယ်”လို့ အကြံပြုပါတယ်။
အဆိုပါရေနစ်မြုပ်သူတွေကို မကွေးမြို့ ခေမာလူမှုကယ်ဆယ်ရေးအသင်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတွေ၊ ရေလုပ်သားတွေက ဝိုင်းဝန်းရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး
DVB
0 comments:
Post a Comment