ဂျပန်သတင်းဌာနတစ်ခုဖြစ် သော The Asahi Shimbun မှ Yangon Bureau Chief Mr Ryuta Sometaya သည် သတင်းမီဒီယာ ကျင့်ဝတ်အား လိုက်နာဆောင်ရွက်ခြင်း မရှိသဖြင့် The Asahi Shimbun သတင်းဌာနက တာဝန်ယူဖြေရှင်းပေးရန် တပ်မတော်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သို့ တိုင်ကြားခဲ့သည်။
The Asahi Shimbun မှ Yangon Bureau Chief Mr Ryuta Sometaya သည် တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဖေဖော်ဝါရီလ (၁၄) ရက်က တွေ့ဆုံမေးမြန်း ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တွေ့ဆုံမေးမြန်းရာ၌ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းမှု အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ကြိုတင်သိရှိခြင်း ရှိ၊မရှိ၊ အခြေခံဥပဒေပြင်ဆင်ရေးကို ပြင်ဆင်သင့်၊မသင့်၊ နိုင်ငံခြားသားက သမ္မတဖြစ်ခွင့်မရှိသည့် မူဝါဒ၊ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်မှု မူဝါဒများကို ပြင်ဆင်ရန် ရှိ၊မရှိ၊ စသည်များကို မေးမြန်းခဲ့သည်။
ထို့အတူ ရခိုင်ပဋိပက္ခနှင့် ICC ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်း ရေးကိစ္စများအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမြင်များကိုလည်း မေးမြန်းခဲ့သည်။
မေးမြန်းသည့် အကြောင်းအရာများအား သတင်းစာနှင့် မီဒီယာ များတွင် မဖော်ပြမီ အကြောင်းအရာကွဲလွဲခြင်း၊ နားလည်မှုလွဲမှားခြင်း မဖြစ်စေရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ပေးပို့ အတည်ပြုပြီးမှသာ ဖော်ပြရန် ကြိုတင်မေတ္တာရပ်ခံခဲ့သော်လည်း ထိုသို့အတည်ပြုခြင်း မရှိဘဲ ၎င်း၏သဘောဖြင့် ဂျပန်နိုင်ငံထုတ် ၁၅.၂.၂၀၁၉ The Asahi Shimbun သတင်းစာတွင် ထည့်သွင်း ဖော်ပြခဲ့ပြီး ယင်းသို့ဖော်ပြရာတွင်လည်း တိကျမှန်ကန်ပြည့်စုံ စွာ ရေးသားဖော်ပြခြင်း မရှိခဲ့ကြောင်း တပ်မတော်၏ တိုင်ကြားစာ တွင် ဖော်ပြထားသည်။
ယနေ့ပြုလုပ်သော အငြင်းပွားမှုနှင့် ညှိနှိုင်းဖျန်ဖြေရေး ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ တပ်မတော်၏ တိုင်ကြားချက်တွင် ဖြေကြားပြောဆိုချက်နှင့်  ရေးသားတင်ပြချက် မည်သို့ လွဲမှားသည်ဟူသော အချက်အလက်များ မပါဝင်သည့်အတွက် တိုင်ကြားသူဘက်မှ ပြန်လည်ပေးပို့ရန်နှင့်  လာမည့် မတ်လ (၁) ရက်တွင် သတင်းမီဒီယာကောင်စီရုံးသို့လာရောက်ရန် တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့ကို ဆင့်ခေါ်ထားကြောင်း မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း က ငြမ်းမီဒီယာသို့ ပြောသည်။
" တိုင်ကြားစာမှာ Document လို့ ပြောမှာပေါ့။ အဲဒီ Document က မပါလာတဲ့အတွက် အင်တာဗျူးတဲ့အခါမှာ ဘယ်လိုတွေ အင်တာဗျူးခဲ့တယ်ဆိုတဲ့ အချက်အလက် အပြည့်အစုံ ကို တောင်းထား တယ်။ နောက် အဆာဟိရှင်ဘွန်းကလည်း ဘယ်လိုဖော်ပြခဲ့တယ်၊ ဘယ်လိုတွေလွဲတယ်၊ ဘယ်ဟာတွေက မပါဘူးပေါ့။ အဲဒီအချက်အလက်တွေကို ညှိနှိုင်းဖို့အတွက် တိုင်ကြားသူကို ပြည့်ပြည့်စုံစုံတိုင်ကြားဖို့ မတ်လ (၁) ရက်နေ့မှာ ဆင့်ခေါ်ထားတယ် " ဟု ဦးကျော်စွာမင်း က ပြောသည်။
Mr Ryuta Sometaya သည် သတင်းမီဒီယာ ဥပဒေ၊ အခန်း ၄၊ အပိုဒ် ၉ (က) အရ သတင်းအချက်တိကျမှန်ကန် စေရန် စိစစ်လိုက်နာမှု မရှိခြင်း၊ အခန်း ၁၀၊ အပိုဒ် ၃၃(ဂ)၊ ပုဒ်မ ၉ ပါ သတင်းသမား ကျင့်ဝတ်စည်းကမ်းများကို လိုက်နာမှု မရှိကြောင်း တပ်မတော်က ဆိုသည်။
The Asahi Shimbun သတင်းဌာနအပေါ် ထားရှိသည့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ယုံကြည်မှုအတွက် များစွာ အနှောင့် အယှက် ဖြစ်ရသည့်အပြင် ဖော်ပြချက်များကိုလည်း သဘော မတူကြောင်းလည်း တပ်မတော်၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။
Mr Ryuta Sometaya ၏ လုပ်ဆောင်ချက်အပေါ် The Asahi Shimbun သတင်းဌာနမှ တာဝန်ယူဖြေရှင်းပေးရေး သတင်းမီဒီယာကောင်စီမှ လုပ်ထုံးလုပ်နည်းနှင့်အ ညီ ဆောင်ရွက်ပေးရန် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက ယခုလ (၁၆) ရက်တွင် လက်မှတ်ရေးထိုး တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချု ပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂျပန်နိုင်ငံ Asahi Shimbun သတင်းဌာန၊ ရန်ကုန်ဌာနခွဲမှ အကြီးအကဲဖြစ်သူ Mr. Ryuta SOMETAYA အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားအမြင်၊ လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်နေမှုနှင့် ဆက်လက်ပါဝင်ဆောင်ရွက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအရေး ကိစ္စအား တပ်မတော်နှင့်အစိုးရ၏ ဖြေရှင်းဆောင်ရွက်ချက်များအ ပေါ် နိုင်ငံတကာမှအမှန်အတိုင်း မသိရှိဘဲ စွပ်စွဲပြောဆိုနေမှု အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန်အတွက် တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းေ ရးဖြစ်စဉ်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းမှုများပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သဘောထားအမြင်များအား ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း ဖေဖော်ဝါရီလ (၁၄)ရက်တွင် တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။
The Nyang News
0 comments:
Post a Comment