Monday, February 4, 2019

ရန်ကုန်တက္ကသိုလ်ရှိ အင်းလျားဆောင်အတွင်း ညသန်းခေါင်အချိန် ရုပ်ရှင်ရိုက်ကူးရေး ပြုလုပ်ခဲ့ခြင်းကို ကန့်ကွက်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ထုတ်ပြန်

ရန်ကုန်တက္ကသိုလ်ရှိ အင်းလျားဆောင်အတွင်း ညသန်းခေါင်အချိန် ရုပ်ရှင်ရိုက်ကူးရေး ပြုလုပ်ခဲ့ခြင်းကို ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ) မှ ထုတ်ပြန်ကြေညာခဲ့သည်။ 
ထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်တက္ကသိုလ် အင်းလျားဆောင်အတွင်း ည ၁၁ နာရီ ၄၅ မိနစ်အထိ အမျိုးသား ၂၀ ခန့်က ပါမောက္ခချုပ်၏ ခွင့်ပြုချက်ဖြင့် ရုပ်ရှင်လာရောက် ရိုက်ကူးခဲ့ကြောင်း၊ ရိုက်ကွင်းတည်နေရာ ပတ်ဝန်းကျင်ရှိ အခန်းများမှ ကျောင်းသူများက ဖုန်းများကို အသံပိတ်ပေးထားရခြင်း၊ မလွတ်လပ်ခြင်းတို့ ကြုံတွေ့ရသည့်အပြင် လာရောက်ရိုက်ကူးသူများက ကျောင်းသူများကို နှုတ်ဖြင့် ထိပါးပြောဆိုခြင်း၊ ကျောင်းသူအခန်းများကို ချောင်းကြည့်ခြင်းများလည်း ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် ပါမောက္ခချုပ်က ညဘက်ရိုက်ကူးရန် ခွင့်ပြုထားခြင်း မရှိကြောင်း၊ ပါမောက္ခချုပ် လက်မှတ်ကို အလွဲသုံးစားလုပ်ခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းထားသော်လည်း ကျောင်းဖွင့်ချိန်တွင် ကျောင်းသူဆောင်အတွင်း၌ ရိုက်ကူးရေးခွင့်ပြုခြင်းသည် လုံးဝ မသင့်တော်သော လုပ်ရပ်ဖြစ်သည်မှာ အထင်အရှားပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ကြောင့် အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပါမောက္ခချုပ်နှင့် အဆိုပါ ရိုက်ကူးရေးအဖွဲ့တို့ ချုပ်ဆိုထားသော စာချုပ်ပါ သဘောတူညီချက်များကို ပွင့်လင်းမြင်သာမှုရှိစွာ ချပြရန်နှင့် ပါမောက္ခချုပ်နှင့် ရိုက်ကူးရေးအဖွဲ့တို့အနေဖြင့် သင့်တော်သည့် တာဝန်ယူမှု တာဝန်ခံမှုတို့ကို ဖေဖော်ဝါရီ ၈ ရက် နောက်ဆုံးထားပြီး တစ်စုံတစ်ရာ ပြန်လည်ပြုလုပ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။ 

Eleven Media Group

0 comments:

Post a Comment