Monday, February 4, 2019

ယခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ နှစ်လောင်းပြိုင် လူသတ်မှု အပါအဝင် လူသတ်မှု ၂၂ မှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ် ပထမလဖြစ်သည့် ဇန်နဝါရီလအတွင်း နှစ်လောင်းပြိုင်လူသတ်မှု အပါအဝင် လူသတ်မှု ၂၂ မှု ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရသည်။ 
ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုအချို့မှာ ဒဂုံအရှေ့မြို့နယ်တွင် သားအစ်ဖနှစ်ဦး အသတ်ခံရသည့် နှစ်လောင်းပြိုင် လူသတ်မှု၊ လှိုင်သာယာမြို့နယ်တွင် အမျိုးသား နှစ်ဦးကို လူတစ်စုက ဝက်အူလှည့်၊ ဓားတို့ဖြင့် ထိုးခုတ်ရာ တစ်ဦး သေဆုံးမှု၊ မှော်ဘီမြို့နယ်တွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဇနီးက ခင်ပွန်းအား ဓားဖြင့်ထိုးသတ်မှု၊ အင်းစိန်မြို့နယ်တွင် လုံခြုံရေးဝန်ထမ်းတစ်ဦး အသတ်ခံရမှု၊ ယင်းမြို့နယ်တွင် ဖုန်းလုယက်စဉ် ပြန်လည်ခုခံသဖြင့် ဝက်ဒိုင်လုပ်သားအား ဓားဖြင့် ထိုးသတ်မှု၊ အဆိုပါ မြို့နယ်တွင်ပင် အမျိုးသားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဝက်အူလှည့်ဖြင့် ထိုးသတ်မှု၊ လှိုင်သာယာမြို့နယ်တွင် မိန်းကလေး တစ်ဦးကို ၎င်း၏ ရည်းစားဟောင်းက ဓားဖြင့်ထိုးသတ်မှု စသည့် လူသတ်မှုအချို့ဖြစ်ပွားခဲ့သည်။ 

ဒဂုံအရှေ့မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုမှာ ဇန်နဝါရီ ၁၈ ရက် ညနေ ၅ နာရီခန့်က ယင်းမြို့နယ်နေ ဦး...(၃၈ နှစ်) မှာ ၎င်းဖွင့်ထားသည့် ထမင်းဆိုင်တွင် ရှိနေစဉ် ဇနီးဖြစ်သူမှာ စကားများ ရန်ဖြစ်နေကြောင်း သိရသဖြင့် သွားရောက် ကြည့်ရှုခဲ့ရာ နေအိမ်အနီးတွင် ဇနီးဖြစ်သူနှင့် ယောက္ခထီးဖြစ်သူတို့မှာ ဒဏ်ရာများရရှိကာ လဲကျနေသည်ကို တွေ့ရှိခဲ့ရသည်။ 

ထို့နောက် တာဝန်ရှိသူများက အခင်းဖြစ်စဉ်အား မေးမြန်းရာ ကို....(၃၈ နှစ်) ၏ ဇနီးဖြစ်သူမှာ ယင်းနေ့ ညနေပိုင်းက အိမ်နီးချင်း ရဲလင်းထွန်းဆိုသူနှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် ရဲလင်းထွန်း က ဓားဖြင့် ကို... (၃၈ နှစ်) ၏ ဇနီးဖြစ်သူကို ခုတ်ခဲ့ကြောင်း၊ ထိုသို့ ဓားဖြင့်ခုတ်သည်ကို ဝင်ရောက် တားမြစ်သည့် ကို... (၃၈ နှစ်) ၏ ယောက္ခထီးဖြစ်သူနှင့် ယောက္ခမဖြစ်သူ တို့ကိုလည်း ရဲလင်းထွန်းက ဓားဖြင့် ထပ်မံ ခုတ်ခဲ့ကြောင်း သိရသည်။ 

ဓားဖြင့် ခုတ်ခဲ့သဖြင့် ကို... (၃၈ နှစ်) ၏ ဇနီးဖြစ်သူနှင့် ယောက္ခထီးဖြစ်သူတို့မှာ သေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်ကို ဒဂုံအရှေ့မြို့မရဲစခန်းမှ အမှုဖွင့်ကာ ကျူးလွန်သူကို ဖမ်းဆီးထားကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး၌ ဇန်နဝါရီလအတွင်း အမှုကြီး ၁၀ မျိုးအနက် လူသတ်မှု ၂၂ မှု၊ လုယက်မှု တစ်မှု၊ မုဒိမ်းမှု ၁၆ မှု၊ တိရ စ္ဆာန်ခိုးမှု တစ်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ခိုးမှု ၉၁ မှု၊ ပုဒ် မ ၃၈၂ ဖြင့် အမှုဖွင့်ထားသည့် လုယက်မှု ငါးမှု၊ နာကျင်စေမှု ၁၁၈ မှုတို့ ဖြစ်ပွားခဲ့ကာ ကြိုတင်ကာကွယ်မှုအနေဖြင့် ၄၄၉၅ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment