ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ်မာဒူရိုဟာ ပြည်သူ့ဘဏ္ဍာတိုက်ကနေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံကို ဥရုဂွေးက ဘဏ်တစ်ဘဏ်ဆီ လွှဲပြောင်းဖို့ ကြိုးစားနေတယ်လို့ အတိုက်အခံခေါင်းဆောင် ၀ိုင်းဂွါဒိုက တနင်္လာနေ့မှာ စွပ်စွဲပြောဆိုပါတယ်။
မာဒူရိုဟာ ဗင်နီဇွဲလား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုဘဏ်ကနေပြီး ငွေကြေးတွေကို ဥရုဂွေးဆီ ပို့ဆောင်ဖို့ လုပ်နေတာဖြစ်ပြီး ဥရုဂွေးက အစိုးရအနေနဲ့ ဒီလို ခိုးဝှက်ထားတဲ့ ငွေကြေးကို မချေးငှားဖို့ ဂွါဒိုက ပြောဆိုတိုက်တွန်းတာ ဖြစ်ပါတယ်။
“မာဒူရို တရားမဝင် ပေးပို့ဖို့ လုပ်နေတဲ့ ငွေကြေးပမာဏာဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကနေ ၁ ဒဿမ ၂ ဘီလီယံ ရှိတယ်။”လို့ ဂွါဒိုက ဆိုပါတယ်။
စီးပွားရေးကပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားမှာ နိုင်ငံရေးလည်း အကျပ်ရိုက်နေပြီး လွှတ်တော်ဥက္ကဌဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် ဂွါဒိုဟာ ၎င်းကိုယ်ကို နိုင်ငံရဲ့ ကြားဖြတ်သမ္မတအဖြစ် ကြေညာထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းက ကျင်းပတဲ့ မာဒူရိုပဲ ဒုတိယအကြိမ် သမ္မတအဖြစ် အရွေးခံရတဲ့ ရွေးကောက်ပွဲကို အနောက်အုပ်စုက အသိအမှတ်မပြုဘဲ ပြန်လည်ကျင်းပဖို့ တောင်းဆိုထားသလို ဂွါဒိုကိုလည်း အမေရိကန်အပါအဝင် ဥရောပနိုင်ငံ ၁၅ နိုင်ငံကျော်က ဗင်နီဇွဲလားရဲ့ ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုထားပါတယ်။
တရုတ်နဲ့ ရုရှနိုင်ငံတို့က ထောက်ခံတဲ့ သမ္မတ မာဒူရိုကတော့ အတိုက်အခံတွေနဲ့ စေ့စပ်ဆွေးနွေးမယ်ဆိုပေမယ့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ကိုတော့ ငြင်းဆန်ထားပါတယ်။
Mizzima - News in Burmese
0 comments:
Post a Comment