Tuesday, February 26, 2019

ဆက်သွယ်ရေးအော်ပရေတာများ၏ ဝန်ဆောင်မှု နှင့်ပတ်သက်၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားလျှင် တောက်လျှောက်အရေးယူမည်ဟုဆို



ဆက်သွယ်ရေးအော်ပရေတာများ၏ ဝန်ဆောင်မှု နှင့်ပတ်သက်၍ သုံးစွဲသူများသည် ၎င်းတို့ကို Complain လုပ်သည့် အပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကိုလည်း တိုင်ကြားပေးစေလိုကြောင်း၊ ထိုသို့တိုင်ကြားပေး မည်ဆိုပါက မိမိတို့အနေဖြင့် တောက်လျှောက်အရေးယူ မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသာဦးက ဖေဖော်ဝါရီ ၂၅ ရက်တွင်ပြောကြားလိုက်သည်။ 

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုး၏ ဆက်သွယ်ရေးသုံးစွဲ နေသူများအပေါ် စားသုံးသူအခွင့်အရေး ချိုးဖောက်နေမှုများများနှင့်ပတ်သက်၍ မေးမြန်းခဲ့မှုများအား ၀န်ကြီးက ပြန်လည်ဖြေကြားပေးရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 
ဆက်သွယ်ရေးဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် ဆက်သွယ်ရေးအော်ပရေတာများ၏ ဝန်ဆောင်မှုအပေါ် ဝန်ခံကတိပြုချက်များနှင့်‌ ကိုက်ညီခြင်းမရှိသည်ကို တွေ့ရှိရပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးဦးစီးဌာနသို့လည်းကောင်း၊ စီးပွားရေးနှင့်‌ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသို့လည်းကောင်း တိုင်ကြားနိုင်သည်။ 
ဝန်ကြီးဌာနအနေဖြင့်လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လတ်တလောအားဖြင့်လည်း မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုများနှင့်‌စပ်လျဉ်းပြီး သုံးစွဲသူများက တိုင်ကြားလာမှုများအပေါ်တွင် သုံးစွဲသူပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စားသုံးသူ ရေးရာဦးစီးဌာနနှင့်‌ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယ၀န်ကြီးကပြောသည်။ 
ဆက်သွယ်ရေးအော်ပရေတာများက ၎င်းတို့ ဝန်ဆောင်မှုနှင့်‌စပ်လျဉ်း၍ သုံးစွဲသူများသို့ အသိပေး ကြေညာချက်များအပေါ် သုံးစွဲသူများအနေဖြင့်‌ နားလည်မှုလွဲမှားပြီး ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများအား သုံးစွဲသူများကို ရှင်းလင်း လွယ်ကူစွာသဘောပေါက်နားလည်အောင် အသိပေးကြေညာရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ 
သုံးစွဲသူပြည်သူများအနေဖြင့်လည်း မိမိ အသုံးပြုမည့်အစီအစဉ်များနှင့်‌စပ်လျဉ်းပြီး လက်ခံ ရွေးချယ်သုံးစွဲခြင်းမပြုမီ သက်ဆိုင်ရာအော်ပရေတာများ၏ အသိပေးကြေညာချက်များအပေါ် သေသေချာချာနားလည်သဘောပေါက်သည် အထိဖတ်ရှုပြီး ရွေးချယ် အသုံးပြုစေရန် အသိပညာပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ 

The Ladies News 


0 comments:

Post a Comment