Tuesday, February 26, 2019

နာဂဒေသအတွင်း ခိုလှုံလျက်ရှိသည့် ကသည်း၊အာသံ လက်နက်ကိုင် အဖွဲ့အစည်းများကြောင့် နယ်မြေငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ကြုံတွေ့နေရဟုဆို


နာဂဒေသအတွင်း ခိုလှုံလျက်ရှိသည့် ကသည်း၊အာသံ လက်နက်ကိုင် အဖွဲ့အစည်းများကြောင့် နာဂဒေသ အတွင်း နယ်မြေငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း နာဂငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီ၏ ဖေဖော်ဝါရီ ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
နာဂဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ စစ်ဘေးဒုက္ခကင်းဝေးစေရေး အတွက် နာဂဒေသတွင်း ခိုလှုံလျက်ရှိသော ကသည်း၊ အာသံ လက်နက်ကိုင် အဖွဲ့အစည်းများအား နာဂဒေသအတွင်း ခိုလှုံခွင့် မပြုရေးကို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K)အဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း တောင်းဆိုသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
“ဒေသအတွင်းမှာ မလိုအပ်တဲ့ စစ်ရေးပဋိပက္ခတွေ ထပ်ပြီးတော့ မဖြစ်စေချင်တော့ဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၊ ၇၀ လောက်က ကျွန်တော်တို့ ပြေးရင်းလွှားရင်း ပုန်းရင်း ရှောင်ရင်းနဲ့နာဂဒေသက နောက်ကျခဲ့တာပေါ့။ အဲ့ဒီအခြေအနေတွေ နောက်တစ်ကျော့ပြန် ဖြစ်လာမှာ စိုးရိမ်တယ်” ဟု နာဂငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီ ဒု-ဥက္ကဌ ကိုနော်အောင်ဆန်းက The Ladies သို့ ပြောသည်။ 
နာဂငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီအနေဖြင့် နာဂဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသော လုံခြုံရေးနှင့် နယ်မြေအေးချမ်းရေးဆိုင်ရာ အကျပ်အတည်းအား နိုင်ငံတော် အကြီးအကဲများ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်း များနှင့်တွေ့ဆုံကာ ဒေသတွင်း စစ်ရေးပဋိပက္ခဖြစ်ပွားမှု များ ရှောင်ရှားနိုင်စေရန် အမြန်ဆုံး စေ့စပ်ညှိနှိုင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
“တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကတော့ ကျွန်တော်တို့လည်း ထပ်သွားပြီးတော့ NSCN(K)နဲ့ တွေ့ဆုံနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားဖို့ရှိတယ်။ အဲ့ဒီအခါကျမှ ဘယ်လိုအခြေ အနေ ရှိတယ်ဆိုတာကို သူတို့ရဲ့ ကျွန်တော်တို့ကို ပြန်ပြီးရှင်းပြတဲ့ အချက်ပေါ် မူတည်ပြီးနားထောင်ရမှာပေါ့” ဟု ကိုနော်အောင်ဆန်း က ပြောသည်။ 
နာဂငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီကို နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီက ကမကထပြု၍ ဖေဖော်ဝါရီ ၂၃-၂၄ ရက်များတွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး အရပ်ဖက် အဖွဲ့အစည်း အားလုံး ပူးပေါင်း၍ ကော်မတီဝင်၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာ အနီးတစ်ဝိုက်၌ အခြေပြုလျက် ရှိသော NSCN(K) စခန်းအနီးရှိ အာသံနှင့် ကသည်းလက်နက်ကိုင် aသာင်းကျန်းသူ များ၏ စခန်းများနှင့် သင်တန်းကျောင်း များအား သိမ်းပိုက်ရရှိ ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ 
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း တစ်ဖက်အိန္ဒိယ နိုင်ငံအား ဆန့်ကျင်နေသည့် မည်သည့်အဖွဲ့ကိုမျှ အခြေချ နေထိုင်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများ အနေဖြင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများ အား ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။ 
ထို့အတူ NSCN(K) အဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သဘောတူချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏာမသဘောတူညီချက် အပိုဒ်(၁)၊ အပိုဒ်ခွဲ(ဂ၊ဃ၊င) တို့အား ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရ၍ NSCN(K) အဖွဲ့အား လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

The Ladies News

0 comments:

Post a Comment