တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူ ရေလှောင်ကန် ရှေ့မြေထိန်းနံရံအနီးမှရွာသည် ကျူးကျော်မဟုတ်ဘဲ ပြည်ထဲရေးအမည်ပေါက် ရွာဖြစ်ပြီး မြို့တော်ဝန် ဦးမောင်မောင်စိုး၏ ဖြေဆိုချက်များ လွဲမှားနေကြောင်း တိုက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ပြောကြားသည်။
ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က တိုက်ကြီးမြို့နယ် ချင်းကုန်းကျေးရွာအုပ်စု ရေအေးစမ်းကျေးရွာရှိ ဂျိုးဖြူ ရေလှောင်ကန် ရှေ့ မျက်နှာစာတွင် မြေထိန်း နံရံအမြင့် ၁၀ ပေနှင့် ဓားသွား သွပ်ဆူးကြိုးများ ကာရံထားခြင်းမှာ လိုအပ်ခြင်း ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းစဉ် မြို့တော်ဝန်၏ ပြန်လည်ဖြေကြားချက်များမှာ လွဲမှားနေခြင်း ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ခြင်း ဖြစ်သည်။
မြို့တော်ဝန်က ယင်းနေရာတွင် နေထိုင်သူများမှာ ကျူးကျော်များ ဖြစ်သည်ဟု မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“အရင်က မြေထိန်းနံရံတွေ ကပ်လျက်မှာ အရင်က ကျူးကျော်အိမ်တွေ မရှိခဲ့ပါဘူး ။၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ကျူးကျော်တွေ ဝင်ရောက်နေထိုင်ပြီးတော့ ဆိုင်တွေတောင် ဖွင့်လှစ်ရောင်းချခဲ့လို့ ကျူးကျော်ဆိုင် အိမ်ခြောက်အိမ်လောက် ရှိလာပါတယ်။ အဲဒီတော့ ကျူးကျော်ဆိုင်တွေ ဝင်ရောက် ဆောက်လုပ်ထားတဲ့ နေရာကလည်း အသက်နဲ့ ကာကွယ်ရမယ့်နေရာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ဧရိယာအတွင်းမှာ ပြန်ဝင်ပြီးတော့ ကန်မျက်နှာစာနေရာ ဖြစ်ပြီးတော့ ရေလှောင်ကန်ရဲ့ ရေလျှံကျတဲ့နေရာမှာ တည်ရှိနေတာ ဖြစ်ပါတယ်”ဟု မြို့တော်ဝန် က ပြောကြားသည်။
မူလ တည်ဆောက်ထားသည့် မြေထိန်းနံရံသည် နှစ် ၈၀ ကျော်ရှိပြီး အားနည်း ပြိုကျနိုင်သည့်အတွက် ကျေးရွာများကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ သံကွန်ကရစ် မြေထိန်းနံရံကိုလည်း တည်ဆောက်မည့်နေရာမှ ကျူးကျော်နေထိုင်သူများကို အစည်းအဝေး သုံးကြိမ် ခေါ်ယူ၍ မနေသင့်သော နေရာဖြစ်သဖြင့် ရွှေ့ပြောင်းပေးရန် ပြောကြားခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားခဲ့သော်လည်း ကျူးကျော်အိမ် နှစ်အိမ်မှာ ဖယ်ရှားပေးခြင်း မရှိကြောင်း၊ မြေထိန်းနံရံအသစ် တည်ဆောက်စဉ်က ၎င်းတို့၏ မျက်နှာစာပေ ၁၄၀ ကို ကျန်လပ်၍ လူမှုရေးအရ ငှဲ့ညာသောအားဖြင့် အဆင်းလမ်း၊ အတက်လမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဖယ်ရှားခြင်း မရှိသေးသည့် ကျူးကျော်အိမ် နှစ်အိမ်ကိုလည်း ဂျိုးဖြူ ရေလှောင်ကန် တာဝန်ခံအရာရှိက တိုက်ကြီးမြို့နယ် တရားရုံး၌ တရားစွဲဆိုထားကြောင်း၊ မြေထိန်းနံရံ၏ အပေါ်ခြမ်းတွင် ခြံစည်းရိုးကဲ့သို့ ကာရံပြီး သွပ်ဆူးကြိုးများ ခတ်ထားရခြင်းမှာ မြေသားလမ်းပေါ်၌ ကျူးကျော် ဝင်ရောက်လာခြင်းမရှိရန် ကြိုတင်ကာကွယ်ခြင်းသာ ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
အဆိုပါ ဖြေကြားချက်အား ဆက်စပ် တင်ပြရာတွင် ဦးတင်ရှိန်က “ဝန်ကြီးက ဖြေသွားပါတယ်။ ကျူးကျော်လို့ ပြောပါတယ်။ ကျွန်တော်တို့ သိသလောက်တော့ ပြည်ထဲရေး အမည်ပေါက်နေတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ဒီရွာဟာ ကန်နဲ့အတူ ပေါ်ပေါက်လာတဲ့ ရွာဖြစ်ပါတယ်။ အဲဒီလမ်းဘေးရှိနေတဲ့ အိမ်တွေဟာ မူလတာဝန်ခံကနေပြီးတော့ ၂၅ ပေ ပန္နရိုက်ပြီးတော့ ချထားတဲ့အိမ်တွေ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ဦးတင်ရှိန်က “နောက်တစ်ခုက သံဆူးကြိုးဟာ ရေပိုက်လိုင်းကို ကျော်ပြီးတော့ တက်တဲ့အန္တရာယ်ကို ကာကွယ်တယ်လို့ ဝန်ကြီး ဖြေသွားပါတယ်။ အဲဒါ လုံးဝမှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာလမ်းပေါ်ကမှ ရွာထဲကို ဆင်းရမှာပါ။ အောက်ကနေ တာပေါ်ကို တက်တဲ့ဟာကို သံဆူးကြိုး ကာဖို့လို မလိုဆိုတာ တိုင်းပြည်ဘဏ္ဍာတွေအတွက် အဖွဲ့ ဖွဲ့ပြီးတော့ စစ်ဆေးရင် ပိုပြီးတော့ ကောင်းပါလိမ့်မယ်။ အခုဖြေနေတာနဲ့ တကယ်ဖြစ်စဉ်က တော်တော်ကို လွဲနေပါတယ် ဥက္ကဋ္ဌကြီးခင်ဗျ”ဟု ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၏ ဆက်စပ်တင်ပြမှုနှင့် ပတ်သက်၍ ပြန်လည် စစ်ဆေးမည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်၌ ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment