မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စ ရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ရေးမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်စဉ် ၎င်းတို့စီးနင်းလာသည့် ယာဉ်တန်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဘီးခွန်ကောက်ခံသူများက ယာဉ်အား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ ရိုင်းပျစွာပြောဆိုခံရခြင်းနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ယင်းကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ သထုံမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ ကိုယ် စားလှယ် ဦးအောင်ကျော်သူက လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့သည်။
မွန်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်အငယ်စားဟု ခေါ်ဆိုနိုင်သော ရေးရာကော်မတီရှစ်ခု ဖွဲ့စည်းထားသည်ကို အားလုံးသိရှိထားပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၀ ရက်က မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ ရေးမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးသည့် ခရီးစဉ်တွင် ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင်ကြေး ကောက်ခံနေသည့် တံတားကြီးဂိတ်တွင် နေ့စားဝန်ထမ်းတစ်ဦးက ကော်မတီဝင်ယာဉ်တန်းအား ခြေထောက်ဖြင့် ကန်ကျောက်မှုဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာတွင် လွှတ်တော်ကော်မတီဝင်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများမှ ကားရပ်ပြီး ဘာကြောင့် ယခုကဲ့သို့ပြုလုပ်ရသည်ကို မေးမြန်းရာ လွှတ်တော်ကားမှန်းမသိလို့ဟုသာ ပြန်လည်ဖြေကြားခဲ့ကြောင်း ဦးအောင်ကျော်သူက လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။
၎င်းက ဆက်လက်ပြီး “၎င်းဂိတ်၌ အခြားတာဝန်ခံတစ်ဦးအား ထပ်မံမေးမြန်းရာ ယင်းနေ့စားဝန်ထမ်းသည် အလုပ်ဝင်တာ နှစ်ရက်ခန့်သာရှိကြောင်းသာ ဖြေကြားပြီး တောင်းပန်ခြင်း လုံးဝမရှိပါ။ ရေးမြို့ဒေသခံအချို့အား စုံစမ်းမေးမြန်းရာတွင် အဆိုပါတံတားကြီးဂိတ်သည် ယခုကဲ့သို့ အပြုအမူမျိုး မကြာခဏတွေ့ ကြုံရတတ်ကြောင်းကို ကြားသိရပါတယ်။ ထို့ကြောင့် ယခင်လွှတ်တော်ဥက္ကဋ္ဌ ၏ အဆောင်အယောင်ဖြစ်သော မော်တော်ယာဉ်အား ရိုင်းပြစွာ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းကို သက်ဆိုင်ရာဝန်ကြီးအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုမည်ကဲ့သို့ပြုလုပ်ပေးမည်ကို သိရှိလိုကြောင်း လွှတ်တော်ဥက္ကဋ္ဌထံမှတစ်ဆင့် မေးမြန်းအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ လုပ်သားမောင်ဖိုးထူးအား တာဝန်မှ ရပ်ဆိုင်းကာ ပုတ်ပြတ်လုပ်သားအဖြစ်မှ ချက်ချင်းထုတ်ပယ်ခဲ့ပြီးဖြစ်ကြောင်း၊ မြို့ဝင်ဘီးခွန်ကောက်ခံရာတွင် မြို့ဝင်ဘီးခွန်ကောက်ခံသည့် ဝန်ထမ်းများ ပုတ်ပြတ်လုပ်သားများကို ပြည်သူများ၊ ယာဉ်ပိုင်ရှင်များနှင့် ဆက်ဆံရာတွင် ပြေပြစ် ချောမွေ့စေရေး၊ ကိုယ်နှုတ်အမှုအရာ ယဉ်ကျေးစွာရှိစေရေး၊ သတ်မှတ်ထားသည့် ယူနီဖောင်းကို စနစ်တကျသပ်ရပ်စွာဝတ်ဆင်ရေး နှင့် သတ်မှတ်သည့်ပြေစာများကို စနစ်တကျ အပ်နှံရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့် နှင့် ကြီးကြပ်သူဝန်ထမ်းများမှ အထူးဂရုပြု၍ ကြပ်မတ်ဆောင်ရွက်ရန် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသို့ ၂၀-၁၂-၂၀၁၈) ရက်စွဲပါစာ အမှတ်၊ ၄၉၄၅/ဂ-၈/မပစ(၀၂၀) ဖြင့် ညွှန်ကြားထားပြီးပါကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဆောက်လုပ်ရေး နှင့် စည်ပင်သာယာ ရေးဝန်ကြီးဌာနဝန်ကြီး ဦးမင်းကျော်လွင်က လွှတ်တော်အစည်းအဝေး၌ ပြန်လည်ဖြေကြားခဲ့သည်။
Eleven Media Group
0 comments:
Post a Comment