Monday, February 4, 2019

ကလောမြိုနယ်၊ အောင်ပန်းတွင် ချဲထီရောင်းချသူ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား ဖမ်းဆီးအရေးယူ


ရှမ်းပြည်နယ်( တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၄ ရက်၊ နံနက်ပိုင်းက ချဲထီရောင်းချနေသည့် သတင်းအရ အမျိုးသမီးကြီး(၁)ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရပါတယ်။ 
”သတင်းအရ ဖမ်းဆီးအရေးယူထားပါတယ်၊ စီမံချက်အရလည်း ဆက်လက် အရေးယူသွားဖို့ရှိပါ့မယ်”လို့ အောင်ပန်းနယ်မြေရဲစခန်းမှူးက ပေါ်ပြုလာနယူးစ်ကိုပြောပါတယ်။ 

ဖြစ်စဉ်မှာ ဒီကနေ့(ဖေဖော်ဝါရီလ ၄ ရက်)နံနက် ၁၁နာရီခွဲခန့်က၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာအောက်ဈေးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်းမှာ လူတချို့ ချဲထီလောင်းကစားပြုလုပ်နေတယ်ဆိုတဲ့ သတင်းအရ တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးရဲ့ကြီးကြပ်မှုနဲ့ ခရိုင်ရဲရုံးက တပ်ဖွဲ့ဝင်တွေ၊ နယ်မြေရဲစခန်းမှူးနဲ့တပ်ဖွဲ့ဝင်တွေကသက်သေများနဲ့အတူ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ လောင်းကစားဖမ်းဝရမ်းအမှတ်၁/၂၀၁၉ နဲ့ သွား ရောက်ရှာဖွေကြရာမှာ လက်ဖက်ရည်ဆိုင်ထဲက စားပွဲတစ်လုံးပေါ်က ခြင်းတစ်ခုထဲမှာ ချဲထီဘောက်ချာဖြတ်ပိုင်းစာအုပ်(၆)အုပ် အပါအ၀င်သုံးလုံးထီ ဂဏန်းကွက်များ၊ ဂဏန်းများရေးထားပြီး သင့်ငွေပါရှိတဲ့ ဖြတ်ပိုင်းစာရွက်(၂)ရွက်၊ စာရင်းစာရွက်(၁)ရွက်တို့အား တွေ့ရှိရတဲ့အတွက် အဲဒါတွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ အဲဒီ လက်ဖက်ရည်ဆိုင်နံဘေးမှာ ကွမ်းယာဆိုင်ဖွင့်ထားသူ အသက်(၆၇)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးကို သက်သေများရှေ့မှာ သက်သေခံပစ္စည်းများနဲ့အတူ ဖမ်းဆီးအရေးယူခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ 

ယင်းဖြစ်စဉ်မှ ချဲထီစာရွက်စာတမ်းများနဲ့အတူ ဖမ်းဆီးရမိသူ အမျိုးသမီးကြီးကို အောင်ပန်းနယ်မြေရဲစခန်းက (ပ)၁၆/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) နဲ့ အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။ 

သတင်း - Oo Oo Zaw 
ဓာတ်ပုံ - ခွန်သန်းအောင် 

Popular News Journal 

0 comments:

Post a Comment