Monday, February 4, 2019

တက္ကသိုလ်ကျောင်းသားနှစ်ဦးအပါအ၀င် လူ ၃ ဦးအား ဘိန်းဖြူ ၆၆ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၃ ပြားနဲ့အတူ မန်းမှာ ဖမ်းဆီးရမိ


နေအိမ်အပေါ်ထပ်အခန်းတစ်ခုမှာ ငှားရမ်းနေထိုင်သူတစ်ဦး မူးယစ်ဆေးဝါးရောင်းဝယ်နေတယ်ဆိုတဲ့ သတင်းအရ မူးယစ်ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေရာမှာ ရတနာပုံတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားနှစ်ဦးအပါအ၀င် လူ ၃ ဦးအား ဘိန်းဖြူ ၆၆ ဂရမ် နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၇၃ ပြား (ကာလတန်ဖိုး ကျပ်သိန်းငါးဆယ်ခန့်) နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ 
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂ ရက်နေ့ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်၊ ၃၈ လမ်း၊ ၇၂ လမ်း နဲ့ ၇၃ လမ်းကြားရှိ နေအိမ်တစ်လုံးရဲ့အပေါ်ထပ်မှာငှားရမ်းနေထိုင်သူ ပြည့်စုံသန်း(ခ)သတိုး(အသက် ၂၁ နှစ်၊ ရတနာပုံတက္ကသိုလ်ဘူမိ​ဗေဒနောက်​ဆုံးနှစ်​)ကို မူးယစ်ဆေးဝါးရောင်းဝယ်နေတယ်ဆိုတဲ့သတင်းအရမူးယစ်ဆေးဝါးနေအိမ်ရှာဖွေခွင့်ဝရမ်းနဲ့ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်အောင်ဇော်မြင့်နဲ့အဖွဲ့က သက်သေရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့အတူ ၀င်​​ရောက်​ရှာဖွေတာမှာ ၎င်းနဲ့အတူ သက်​ခိုင်​(အသက် ၂၃ နှစ်၊ ရတနာပုံတက္ကသိုလ် ဘူမိ​​ဗေဒတတိယနှစ်​ကျောင်းသား)၊ စိုင်းကျော်သန်း(ခ)ကျော်သန်း(အသက် ၂၂ နှစ်၊ မဟာမြိုင် ၂ ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်)တို့ကိုပါ တွေ့ရကြောင်း၊ ဆက်လက်ရှာဖွေတာမှာ နေအိမ်​​အနောက်​ခန်းအတွင်း ဘိန်းဖြူ ၆၆ ဂရမ်(တန်ဖိုး ၄၆၂၀၀၀၀ ကျပ်)၊ WY စာတန်းပါလိ​မ္မော်​​ရောင်​စိတ်​ကြွရူးသွပ်​​ဆေးပြား ၇၃ ပြား(၇ ဒသမ ၃ ဂရမ်၊ တန်ဖိုး ၃၆၅၀၀၀ ကျပ်)တို့နဲ့အတူ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ တွေ့ရကြောင်း၊ ဖမ်းဆီးရမိမှုအပေါ် ပစ္စည်းတွေကိုရှာဖွေပုံစံနဲ့သိမ်းဆည်းပြီး လူငယ် ၃ ဦးနဲ့အတူ ရဲစခန်းဆီဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။ 

"ကျောင်းသားနှစ်ယောက်ပဲပါတယ်။ ရတနာပုံတက္ကသိုလ်က ကျောင်းသားနှစ်ယောက်ဆိုတာဟုတ်ပါတယ်။ အခုလောလောဆယ်ကတော့ ရမန်ယူပြီး စစ်ဆေးဆဲပဲရှိပါတယ်" လို့ မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပေါ်ပြူလာနယူးစ်ရဲ့ဆက်သွယ်မေးမြန်းမှုကို ပြန်ဖြေပေးပါတယ်။ 

ဖမ်းဆီးရမိထားသူ ၃ ဦးစလုံးကို ရဲစခန်းက မယ(ပ)၅/၂၀၁၉၊ မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို​ပြောင်းလဲ​စေသော​ဆေးဝါးများဆိုင်​ရာဥပ​ဒေပုဒ်​မ ၁၉(က)/၂၁ တို့နဲ့ အမှုဖွင့်​အရေးယူထားပါတယ်။ 

စောထွေး
Popular News Journal 


0 comments:

Post a Comment