အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ယော်ဘာလင်ဒါမြို့က နေအိမ်တစ်လုံးပေါ်သို့ ကောင်းကင်ပေါ်မှ လေယာဉ်ပျံပျက်ကျခဲ့သဖြင့် လူငါးဦး သေဆုံးသွားကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နေအိမ်ပေါ်သို့ ပျက်ကျလာသော လေယာဉ်ဝင်တိုက်မိသဖြင့် အထိအခိုက်များဖြစ်ခဲ့ပြီး မီးလောင်ကာ မီးခိုးများ အူထွက်နေသည်ကိုလည်း သတင်းဓာတ်ပုံများတွင် ဖော်ပြထားသည်။
လေယာဉ်ပျက်ကာ ကျဆင်းလာမှုကြောင့် မြေပြင်ပေါ်ရှိ အိမ်ရှင်နှစ်ဦးနှင့် အခြားနှစ်ဦးတို့ ကွယ်လွန်ခဲ့ကြောင်း ခရိုင်ရဲမှူး ကိုရီမာတီနိုက ပြောကြားသည်။
လေယာဉ်ကို မောင်းလာသူလည်း သေဆုံးခဲ့သည်ဖြစ်ရာ စုစုပေါင်းသေဆုံးသူ ၅ ဦးရှိသည်ဟု မာတီနိုက အတည်ပြုပေးသွားသည်။
သေဆုံးသူအားလုံး၏ အမည်များကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ဆွေမျိုးသားချင်းများကို အသိပေးထားသည်ဟု သတင်းများက ဖော်ပြထားသည်။
လေယာဉ်မှ အပျက်အစီးများသည် ဘလောက်လေးခုခန့်အထိ လွင့်ကျသွားသောကြောင့် လေယာဉ်သည် လေထဲတွင်ပင် ပေါက်ကွဲသွားသည်ဟု ယူဆနိုင်ကြောင်း အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့က လေကြောင်းပျံသန်းရေး မတော်တဆမှု စုံစမ်းရေးမှူး အီးလီယော့ဆင်ဆန်က ပြောကြားသည်။
ရေဒါကရရှိသော အချက်အလက်များက ပြသနေသည်မှာ လေယာဉ်သည် လက်ဝဲဘက်သို့ ကွေ့လိုက်ပြီး အမြင့်ပေ ၇၈၀၀ သို့ တက်လိုက်ကာ ထိုးဆင်းသွား ခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။
လေယာဉ်ပျက်ကျလာခဲ့ခြင်းကို ငလျင်လှုပ်သည်ဟု ထင်မှတ်ခဲ့မိကြောင်း ယော်ဘာလင်ဒါ ဒေသ၏ ဒေသခံပြည်သူ ဒေ့ဗ်အယ်ဖ်ဗာက ပြောကြားသည်။
“တစ်အိမ်လုံး လှုပ်ခတ်သွားတာမို့ ငလျင်လှုပ်တယ်လို့ ထင်မိပါတယ်။ အိမ်ကနေ ပေငါးဆယ်ကျော်လောက်အကွာ လမ်းလယ်ကို အင်ဂျင်တုံးကြီးက ကျလာပါတယ်”ဟု ၎င်းက ဆိုသည်။
မည်သည့်အတွက်ကြောင့် ရပ်ကွက်ထဲ လေယာဉ်ပျက်ကျလာသနည်း၊ မည်သည့်လေကြောင်း ကုမ္ပဏီကဖြစ်သနည်းကိုမူ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
The Voice
0 comments:
Post a Comment