Monday, February 4, 2019

ကျေးရွာများကို အကာအကွယ်ယူ၍ မတိုက်ခိုက်ရန် အေအေတပ်ဖွဲ့ကို တပ်မတော်ပြောကြား


အေအေတပ်ဖွဲ့အနေနဲ့ ကျေးရွာတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်မနေဘဲ တောထဲမှာ တိုက်ခိုက်သင့်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားလိုက်ပါတယ်။ 
ရသေ့တောင်မြို့နယ်၊ ကျောက်တန်းအနီး တံတားနားမှာ ဖေဖော်ဝါရီ ၃ ရက် မနက် ၁၀ နာရီခွဲလောက်က တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က နပခ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဖြေကြားသွားတာပါ။ 

ဗိုလ်မှူးကြီး ဝင်းဇော်ဦးက“အေအေက သူတို့လုပ်တဲ့ ဟာတွေကို ဖုန်းကွယ်ချင်တဲ့အတွက် ကျေးရွာတွေကို ခုတုံးလုပ်ပြီး တပ်မတော် စစ်ကြောင်းတွေကို တိုက်ခိုက်မယ် အဲ့ဒီမှာ တပ်ကနေပြီးတော့ ကျေးရွာတွေကို တိုက်ခိုက်ပါတယ်ဆိုပြီး တမင်ဖန်တီးတာတွေရှိတယ်။ နောက်ပြီး တပ်မတော်က ဟိုဟာယူတယ်၊ ဒီဟာယူတယ်ဆိုပြီး မီဒီယာတွေမှာ တမင် လုပ်ကြံပြီး ဖန်တီးတာတွေရှိနေတယ်။ အမှန်က အေအေက ရွာသားတွေ ကိုခေါ်ပြီး တပ်တွေကို သတင်းပေးတယ်ဆိုပြီး ပါးရိုက်နားရိုက်တာတွေ လုပ်တာရှိတယ်။ ရွာသားတွေရဲ့ ဖုန်းတွေကို သိမ်းတယ်။ ဒါတွေကျတော့ အေအေက ဘာမှမပြောဘူး။ သမီးလှဖြစ်စဉ်မှာလည်း ရွာကို တပ်မတော်က ဝိုင်းပစ်တယ်ဆိုပြီး သတင်းတွေဖြစ်သွားတယ်။ အေအေက ရွာထဲကနေ တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်တယ်။ တိုက်ခိုက်ေတာ့။ ပြန်တိုက်ခိုက်ရမှာပဲလေ။ လက်ပိုက်ကြည့်နေလို့မှ မရတာ။ ဒါကို ရွာကိုတပ်က ဝိုင်းပစ်တယ်ဆိုပြီး ပုံဖော်လိုက်တာပဲ။ သတ္တိရှိရင် တောထဲကနေတိုက်ပါ။ ကျေးရွာတွေကို အကာအကွယ်ယူပြီး မတိုက်ပါနဲ့ ဒါပဲ ပြောချင်တယ်”လို့ ပြောပါတယ်။ 

ဖေဖော်ဝါရီ ၂ ရက်ကလည်း ရေဆိုးချောင်း ကျေးရွာအနီး အရပ်သားတွေရဲ့ ကား တစီးမိုင်းခွဲတိုက်ခိုက်ခံခဲ့ရသလို ဖေဖော်ဝါရီ ၃ ရက်နေ့မှာလည်း ကျောက်တန်း တံတားအနီးမှာ တပ်မတော် စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

မိုင်းက တလုံးထဲဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကတော့ အတည်ပြုချက် ရယူနေဆဲပဲလို့ တပ်မတော်အရာရှိက ပြောပါတယ်။ 

လတ်တလော တိုက်ပွဲပြီးသွားလို့ လုံခြုံရေးအခြေအနေအရ နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်၊ နယ်ခြားစောင့်လုံခြုံရေးတပ်ဖွဲ့တွေဟာ အခင်းဖြစ်ပွားတဲ့ နေရာတွေ အနီးနားက ကျေးရွာတွေကို ဝင်ရောက်စစ်ဆေး ရှာဖွေတာနေပါတယ်။ 

လှုပ်ရှားစစ်ကြောင်းတွေရှိတဲ့နေရာကို အေအေတပ်ဖွဲ့တွေရောက် လာရင် တိုက်ပွဲတွေ ကတော့ ဖြစ်နေလိမ့်ဦးမယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။ 

ဗညား
DVB

0 comments:

Post a Comment