Sunday, February 3, 2019

ထားဝယ်ကမ်းရိုးတန်းရှိ လောင်းလုံးဘုတ်ကျွန်းနှင့် မောင်းမကန်ဘုတ်ကျွန်းများမှ သန္တာကျောက်တန်းများကို ချိုးဖဲ့၍ ခိုးယူရောင်းချခြင်းများရှိနေ


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ကမ်းရိုးတန်းရှိ လောင်းလုံးဘုတ်ကျွန်းနှင့် မောင်းမကန် ဘုတ်ကျွန်းများမှ သန္တာကျောက် တန်းများကိုချိုးဖဲ့၍ ခိုးယူရောင်းချ ခြင်းများရှိနေပြီး သန္တာကျောက်တန်းများ ပျက်စီးမည့် အခြေအနေ ရှိနေကြောင်း သိရသည်။ 
ပင်လယ်အတွင်း ရေသယံဇာတဂေဟစနစ်အတွက် အရေးပါသည့် သန္တာကျောက်တန်းများမှ ကျောက်ပန်း၊ ကျောက်ခက်များကို ထားဝယ်ဒေသရှိ မောင်းမကန်ကမ်းခြေနှင့် အချို့နေရာများတွင် ရောင်းချမှုများ ရှိနေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာများတွင် ဓာတ်ပုံနှင့်တကွ ပြန့်နှံ့ခဲ့ပြီးနောက် ဒေသခံများနှင့် ပင်လယ်ရေသယံဇာတ ထိန်းသိမ်းသူများအကြား စိုးရိမ်မှုမြင့်တက်ကာ ယခုနှစ် ခရီးသွားရာသီတွင် တရားဝင် စတင်သွားရောက်ခွင့်ပြုခဲ့သည့် လောင်းလုံးဘုတ်ကျွန်း၏ ခရီးသွား လုပ်ငန်းအပေါ် ထိခိုက်မှုရှိလာမည်ကို စိုးရိမ်မှုများ ရှိခဲ့သည်ဟု သိရသည်။ 

“သန္တာကျောက်ပန်း၊ ကျောက်ခက်လေးတွေ မောင်းမကန်ကမ်း ခြေမှာ ရောင်းနေတယ်ဆိုတာ ဖေ့စ် ဘွတ်ပေါ်မှာ တက်လာလို့ တွေ့တယ်။ အပြင်မှာ ဒီလိုရောင်းချနေတာတွေ့ရင် ကျွန်တော်တို့ကို သတင်းပေးပေါ့။ တွေ့ရင် သူတို့ကိုနားလည်အောင်၊ သဘောပေါက်အောင် ရှင်းပြပြီးတော့ နောက်ထပ် ထပ်လုပ်ရင်တော့ အရေးယူမှာပေါ့” ဟု ထားဝယ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးတင့်အောင်က ပြောကြားသည်။ 

လက်ရှိအခြေအနေအရ သန္တာကျောက်ပန်း၊ ကျောက်ခက်များကို ရောင်းချနေသည်ဟု သတင်းထွက်ပေါ်လာသည့် မောင်းမကန်ကမ်းခြေရှိ ဈေးဆိုင်တန်းများကို သွားရောက်စစ်ဆေးမည်ဖြစ်ပြီး တွေ့ရှိပါက အသိပညာပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် အရေးယူ ဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။ 

အဆိုပါ သန္တာကျောက်ပန်း၊ ကျောက်ခက်များ ရောင်းဝယ်မှုနှင့် ပတ်သက်၍ စုံစမ်းချက်အရ ယင်းကျောက်ပန်းများကို ထားဝယ်ကမ်းရိုးတန်းရှိ လောင်းလုံးဘုတ်ကျွန်းနှင့် မောင်းမကန် ဘုတ်ကျွန်းများဆီမှ သွားရောက်ချိုးယူလာပြီး ဈေးကွက်အတွင်း လာရောက် ရောင်းချသူများရှိကြောင်း၊ ၎င်းတို့ထံမှတစ်ဆင့် ကမ်းခြေရှိ အမှတ်တရပစ္စည်း ရောင်းချသူများက ဝယ်ယူ၍ ပြန်လည်ရောင်းချနေခြင်းဖြစ်ပြီး မောင်းမကန် ကမ်းခြေတွင် ရောင်းချနေသည့် ဆိုင်ငါးဆိုင်ခန့်ရှိကာ သန္တာကျောက်ပန်း၊ ကျောက်ခက် တစ်ခုလျှင် အရွယ်အစားအပေါ် မူတည်၍ ကျပ် ၃၀၀၀ မှ ၅၀၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည့်အပြင် ဒေသတွင်း လာရောက် လည်ပတ်သူများ ဝယ်ယူလေ့ရှိကာ တရုတ်လူမျိုးများ အများဆုံး ဝယ်ယူကြသည်ဟု ဈေးကွက်အတွင်း စုံစမ်းချက်အရ သိရသည်။ 

“သန္တာကျောက်တန်းတွေ ခိုး ရောင်းနေတာကတော့ မဖြစ်သင့် ဘူး။ သက်ဆိုင်ရာက ထိထိရောက် ရောက်အရေးယူသင့်တယ်။ သဘာဝ အတိုင်းရှိနေတဲ့ပစ္စည်းကို ခိုးပြီး စီး ပွားဖြစ်လုပ်ငန်းတစ်ခုအနေနဲ့ လုပ် ကိုင်နေတာကတော့ မလုပ်သင့်ဘူး။ ထိထိရောက်ရောက် အရေးယူဖို့ သက်ဆိုင်ရာကိုတင်ပြရမယ်။ လို အပ်ရင် လွှတ်တော်မှာ မေးခွန်းမေး သင့်ရင်မေးရမယ်” ဟု လောင်းလုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုထွေးက ပြောကြား သည်။ 

သန္တာကျောက်တန်းများ၊ ဒီရေတောများနှင့် ပင်လယ်မြက်များမှာ ပင်လယ်ပြင်ရှိ ရေနေသတ္တဝါများအတွက် အကျိုးသက်ရောက်မှုများရှိကြောင်း၊ သန္တာကျောက်တန်းများတွင် ကျင်လည်ကျက်စားသည့် လိပ်နှင့် ငါးအသေးများရှိပြီး ယင်းငါးများကို ငါးအကြီးများက စားသုံးသောကြောင့် သန္တာကျောက်တန်းများ ထိခိုက်ပျက်စီးပါက ပင်လယ်နေသတ္တဝါများ အစာကွင်းဆက် အပေါ် ထိခိုက်မှုရှိနိုင်သည်ဟု သိရသည်။ ပင်လယ်ပြင်အတွင်းရှိ သဘာဝသယံဇာတ ပစ္စည်းများကို ထိခိုက်ပျက်စီးစေသည့် တားမြစ်ငါးဖမ်း ကိရိယာများ အသုံးပြုခြင်း မပြုရန်၊ တားမြစ်ထားသည့် ငါးအမျိုးအစားများ မဖမ်းဆီးရန်နှင့် ငါးဖမ်းနည်းများ အသုံးမပြုရန် ရေလုပ်သားများအား အသိပညာပေးခြင်းများရှိပြီး လက်ရှိအနေအထားအရ လိုအပ်ပါက ဈေးဆိုင်များကိုပါ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဟု ထားဝယ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။ 

မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၀ တွင် မည်သူမျှ လိုင်စင်မရှိဘဲ ပင်လယ်ထွက်ပစ္စည်းများကို ရှာဖွေခြင်း၊ စုဆောင်းခြင်း မပြုရဟု တားမြစ်ထားပြီး တားမြစ်ချက်အား ကျူးလွန်ပါက ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ငွေဒဏ် သုံးသိန်းအထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ ထားဝယ်ကမ်းရိုးတန်းရှိ လောင်းလုံးဘုတ်ကျွန်းမှာ သဘာဝ သန္တာကျောက်တန်းများ ကောင်းမွန်စွာ ရှိနေဆဲ ဖြစ်သောကြောင့် ခရီးသွားများအကြား နာမည်ကျော်ပြီး ယခုနှစ်ပိုင်းအတွင်း လာရောက်လည်ပတ်သူ များနေသည့် ကျွန်းတစ်ခု ဖြစ်ကြောင်း သိရသည်။ 



Eleven Media Group

0 comments:

Post a Comment