Monday, February 4, 2019

NLD ၏ ဖွဲ့စည်းပုံပြင်ရေးလမ်းစဉ် NCA ကို ကျော်လွန်၊ မလွန် ဦးဦးလှစော မေးခွန်းထုတ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ဆောင်နေမှုသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို ကျော်လွန်ရာ ရောက်၊ မရောက်ကို ရခိုင်အမျိုးသားပါတီ(ANP) ကိုယ်စားလှယ်က မေးခွန်းထုတ်လိုက်သည်။ 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန်အရေးကြီးအဆိုနှင့်ပတ်သက်၍ ၎င်းက ဆွေးနွေးစဉ် ထည့်သွင်းဆွေးနွေးခြင်း ဖြစ်သည်။ 

လက်ရှိတွင် NCA စာချုပ်ကို အခြေခံ၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု ပင်လုံ) အစည်းအဝေးများကျင်းပ၍ ပြည်ထောင်စုသဘောတူစာချုပ်များ ချုပ်ဆိုနေရာ အဆိုပါပြည်ထောင်စုသဘောတူစာချုပ်သည် အခြေခံဥပဒေပြင်ဆင်ရေးအတွက်သာ ဖြစ်သည်ဟု ဦးဦးလှစောက ဆိုသည်။ 

အဆိုပါပြည်ထောင်စုသဘောတူစာချုပ်တို့ကို အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော်ပေးရန်တာဝန်ရှိနေပြီး ယင်းကို ပျက်ကွက်နေကြောင်းလည်း ၎င်းက ဆိုသည်။ 

ယင်းသို့ပျက်ကွက်ခြင်းကြောင့် ယခုကိစ္စပေါ်ပေါက်လာရသည်ဟုလည်း ဦးဦးလှစောက ဆိုသည်။ 

လက်ရှိတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ ထွက်ပေါ်လာသည့် ပြည်ထောင်စုသဘောတူညီချက် ၅၁ ချက် ရရှိထားသည်။ 

အဆိုပါသဘောတူစာချုပ်ကို အကောင်အထည်ဖော်ရန်မကြိုးစားဘဲ ယခုကဲ့သို့ ပြင်ဆင်ရန်လုပ်ဆောင်ခြင်းသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ဆောင်နေမှုကိုလည်း တန်ဖိုးမထားရာရောက်နေသလိုဖြစ်နေကြောင်းကိုလည်း ဦးဦးလှစောက မေးခွန်းထုတ်ခဲ့သည်။ 

အဆိုနှင့်ပတ်သက်၍ 
“NCA ဘောင်ကို ကျော်မနေဘူးလား” 
“NRPC ကို တန်ဖိုးမထားရာ မကျဘူးလား” ဟူ၍ ထည့်သွင်းကာ ၎င်းက ဆွေးနွေးခဲ့သည်။ 

ကိုယ်စားလှယ်တစ်ဦး၏ ဆွေးနွေးချိန်ကို ၆ မိနစ်သတ်မှတ်ထားခြင်းကြောင့် ဦးဦးလှစောအနေနှင့် ၎င်း၏ဆွေးနွေးမှုကို ပြီးပြတ်အောင် မဆွေးနွေးနိုင်ခဲ့ပေ။

The Voice Journal 

0 comments:

Post a Comment