Monday, February 4, 2019

NLD ၏ ခြေဥပြင်ရေးကိစ္စ ခုံရုံးဆုံးဖြတ်ရယူသင့်ဟု USDP ကိုယ်စားလှယ်ဆို

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုနှင့်ပတ်သက်၍ ဥပဒေနှင့် ညီ၊ မညီကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဆုံးအဖြတ်ကို ရယူသင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက ပြောဆိုသည်။ 
အဆိုရှင်ဘက်ကမူ သူ၏အဆိုသည် ဥပဒေနှင့်ညီညွတ်သည်ဟု ပြောဆိုထားသော်လည်း ၎င်းတို့အနေနှင့် လေ့လာဆန်းစစ်ချက်များအရ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသည်ကို တွေ့ရှိရသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ အဆုံးအဖြတ်ကို ရယူသင့်သည်ဟု ၎င်းက ပြောဆိုဆွေးနွေးသည်။ 

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မဖွဲ့စည်းရန် ပြဋ္ဌာန်းထားခြင်းမရှိသောကြောင့် ယခုကိစ္စကို ထောက်ခံကြောင်း ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ်မှ NLD ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောဆိုသည်။ 

အဆိုသည် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းတင်သွင်းခြင်းမဟုတ်သောကြောင့် လက်ရှိပြဋ္ဌာန်းထားသည့် အခြေခံဥပဒေပါ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်လည်း မသက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။ 

ယခုကော်မတီဖွဲ့စည်းရေးနှင့်ပတ်သက်၍လည်း ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေတွင် ဖွဲ့စည်းရမည်ဟု မပါရှိသလို မဖွဲ့စည်းရကြောင်းလည်း ပြဋ္ဌာန်းထားခြင်းမရှိကြောင်း ၎င်းက ပြောဆိုသွားကာ အဆိုကို ထောက်ခံဆွေးနွေးသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆောလျင်စွာဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းကော်မတီဖွဲ့ရေးကို NLD ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆိုတင်သွင်းထားမှုအပေါ် ယနေ့ ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနေကြခြင်းဖြစ်သည်။ 

The Voice Journal 

0 comments:

Post a Comment