Friday, March 29, 2019

ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် တရားဝင်သွားရောက်ခဲ့သော်လည်း အလုပ်မရဘဲ ဒုက္ခရောက်ပြီးပြန်လာရသူ အလုပ်သမား ၁၀၀ ကျော် မြဝတီမြို့၌ သောင်တင်နေ


ထိုင်းနိုင်ငံသို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများဖြင့် MoU လုပ်သားအဖြစ် တရားဝင်သွားရောက် လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသား အလုပ်သမားများသည် စာချုပ်ပါအတိုင်း အလုပ်မရဘဲ နေထိုင်စားသောက်ရေး အခက်အခဲများစွာဖြင့် ပြန်ရောက်လာသူ ၁၀၀ ကျော်တို့သည် မြဝတီမြို့တွင် သောင်တင်နေကြောင်း သိရသည်။ 
ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် လုပ်ကိုင်ရခြင်းမရှိခြင်း အလုပ်ရသော်လည်း လုပ်အားခမရရှိခြင်း၊ ကုန်ရောင်းကုန်သွယ် အလုပ်ဆိုက်များသို့ ပို့ဆောင်ခြင်းတို့ကြောင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီသို့ ပြန်လည်ရောက်ရှိလာသူများမှာ ပြည်ပအလုပ်အကိုင်ရှာဖွေပို့ဆောင်ရေး အေဂျင်စီများဖြစ်သည့် ရွှေလန်းပွင့်အေဂျင်စီဖြင့်သွားရောက်ခဲ့သူ ၃၁ ဦး၊ ထက်မန်အေဂျင်စီဖြင့်သွားရောက်ခဲ့သူ ၁၀ ဦး၊ ရောင်ဝါဦးအေဂျင်စီ ဖြင့်သွားရောက်ခဲ့သူ ရှစ်ဦး၊ ငွေကြယ်စင်ဟိန်း အေဂျင်စီဖြင့် သွားရောက်ခဲ့သူ ၄၅ ဦး၊ ဒိုင်းမွန်းပုဂံအေဂျင်စီဖြင့် သွားရောက်ခဲ့သူ ၁၆ ဦး၊ မြန်မာဝေါကား အေဂျင်စီဖြင့်သွားရောက်ခဲ့သူ ၁၉ ဦး၊ စုစုပေါင်း ဦးရေ ၁၃၀ တို့ပြန်လည်ရောက်ရှိလျက်ရှိပြီး သက်ဆိုင်ရာအလုပ်သမားပို့ဆောင်သော အေဂျင်စီများက တာဝန်ယူဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။ 

မြဝတီမြို့ရှိ ရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ကူညီထားပြီး မိဘနေရပ်သို့ ပြန်ရန်ပင်အခက်အခဲဖြစ်လျက်ရှိကြောင်း သိရသည်။ 

“MoU လုပ်သားအဖြစ် တရားဝင်သွားကြပေမဲ့ အလုပ်မရ။ လုပ်ရပြန်တော့လည်း လုပ်အားခမရ။ တရားမဝင်ပို့ကုန်တွေလို၊ အမှည့်လွန်သစ်သီးလို ရောင်းမကုန်လို့ ပစ်ပယ်ခံနေကြရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝက ရင်နာစရာကောင်းလှပါတယ်” ဟု မြဝတီသို့ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများအားကူညီပေးနေသူ တစ်ဦးက ဆိုသည်။ 

“ပင်လုံခန်းမမှာ မြန်မာဝေါကားကုမ္ပဏီနဲ့ စာချုပ်ခဲ့ပါတယ်။ ဘန်ကောက်ကို ပို့ဆောင်ခဲ့တယ်။ ဆောက်လုပ်ရေးမှာ လုပ်ရမယ်လို့စာချုပ်ခဲ့တယ်။ ဘန်ကောက်ပို့ပေမဲ့ ဘန်ကောက်မရောက်ဘဲ ကာဘီဆန်ကိုရောက်ခဲ့တယ်။ အလုပ်ကလည်းမရှိဘူး။ ၁၉၇ ယောက်ကို စုပုံထားတယ်။ အိပ်စရာမရှိ၊ နေစရာမရှိ အိမ်သာပျက်တွေမှာ ဝင်အိပ်ရတယ်။ အဖွဲ့တွေ ခွဲပြီးပို့တယ်။ စားစရာမရှိ၊ နေစရာမရှိတော့လည်း လိုက်သွားခဲ့ရတယ်။ ဘယ်ကိုရောင်းစားလဲဆိုတော့ ပထုံဌာနီ၊ ဆာလာပူရီ၊ ပြီးတော့ နကော့ပထွန် လေးနေရာငါးနေရာ ပို့တယ်။ အလုပ်မရတော့ နေရာမှန်မဟုတ်တော့ စာအုပ်ပြန်တောင်းတယ်။ အဲဒီတော့မှ သူဌေးမက နင်တို့ကို ဘတ်တစ်သိန်းနဲ့ ဝယ်ထားတယ်လို့ပြောတယ်။ ခုပြန်ရောက်လာတာလည်း မဖြစ်မနေပြန်လာခဲ့ကြတာပါ။ ကုမ္ပဏီကို သွင်းရမှာ တစ်သိန်းခွဲဆိုပေမဲ့ တကယ်ပေးရတာ ခုနစ်သိန်းခွဲ၊ အထွေထွေ စရိတ်နဲ့ဆိုရင် ကိုးသိန်းလောက် ကုန်ခဲ့ပါတယ်။ ဒီငွေတွေကို အတိုးနဲ့ ချေးလာခဲ့ကြတာပါ။ တာဝန်ရှိသူတွေကဖြေရှင်းပေးမှသာ ပြန်ဆပ်နိုင်မှာပါ။ ဘာလို့လဲဆိုတော့ အိမ်ပေါင်ပြီးတော့လာခဲ့ကြရလို့ ဖြစ်ပါတယ်” ဟု ငွေကျပ် ကိုးသိန်းခန့်အကုန်ကျခံပြီး MoU လုပ်သား အဖြစ်သွားရောက်ခဲ့သော်လည်း အလုပ်မရဘဲ ပြန်ရောက်လာသူမကွေးတိုင်း ထန်းတစ်ပင်မြို့နယ်မှ မောင်ဇော်မင်းခိုင်က ဆိုသည်။ 

ထို့အတူ အလုပ်မရဘဲပြန်ရောက်လာသူ အောင်လံမြို့နယ်မှ မသန်းဌေးက “ထိုင်းမှာ သုံးလလုပ်ခဲ့ရပါတယ်။ လုပ်အားခလည်းမ ရပါဘူး။ ခုချိန်ထိ မိဘ၊သားသမီးတွေဆီ ဖုန်းတောင်မဆက်ရဲပါဘူး။ ကိုယ့်နိုင်ငံမှာ အလုပ်လုပ်တော့လည်း အဆင်မပြေတာနဲ့ ထိုင်းကို သွားခဲ့ပါတယ်။ ခုတော့ ဒုက္ခရောက်ပြီး ပြန်လာရတယ်။ ခုတော့အိမ်ကိုဘယ်လိုတောင် ပြန်ရမလဲမသိပါဘူးရှင်။ တာဝန်ရှိတဲ့လူကြီး မင်းတို့ကူညီပေးကြပါဦး” ဟု ဆိုသည်။ 

မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသူရိန်မင်းထွန်းကလည်း ”ထိုင်းနိုင်ငံကို သွားရောက်လုပ်ကိုင်ပြီး အဆင်မပြေမှုတွေနဲ့ ပြန်ရောက်လာသူတွေကို အနန္တသုခကျောင်းမှာ ကူညီထားပါတယ်။ MoU စနစ်က စနစ်ကောင်းတာကို သဘောကျတယ်။ ဒီ MoU စနစ်နဲ့ပို့ဆောင်တဲ့ အေဂျင်စီတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်းတွေကို သက်ဆိုင်ရာက ဖြေရှင်းပေးဖို့လိုပါတယ်။ ရေရှည်မှာ ဒီလို အဖြစ်မျိုးတွေမဖြစ်အောင်လို့ တကယ်တာဝန်အရှိဆုံးက နိုင်ငံတော်အစိုးရနဲ့ အလုပ်သမားဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်။ ဒီလိုအေဂျင်စီတွေမှားယွင်းနေတဲ့ ကိစ္စအရပ်ရပ်မှာလည်း နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုအပြစ်ပေးရမလဲ။ ဘယ်လိုအရေးယူရမလဲဆိုတဲ့ အချက်တွေကိုလည်း နိုင်ငံတော်မှာ တာဝန်ရှိတဲ့ သူတွေအနေနဲ့ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်”ဟု ဆိုသည်။ 

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးပြီး လုပ်ခလစာနည်းပါးခြင်းကြောင့် လုပ်ခလစာ ပိုမိုရရှိသော အိမ်နီးချင်း ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် အလုပ်သွားလုပ်ရန်ထွက်ခွာသူ နေ့စဉ် ၅၀၀ အထက်တွင်ရှိပြီး မမှန်မကန် ပို့ဆောင်သော အေဂျင်စီများကြောင့်လည်း အလုပ်မရ၊ ဒုက္ခရောက်ကာ နေရပ်သို့ပြန်လာ ရသူများလည်း လစဉ်ရာနှင့်ချီ၍ရှိကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment