Thursday, July 25, 2019

လျှပ်စစ်ဓာတ်အား ခိုးသုံးမှုများကို ဖော်ထုတ်အရေးယူရမည့်အစား မီတာခတိုးကောက်ခြင်းမှာ ငါးတကာပေါ်နားသည့်ဗျိုင်းချေး ပုစွန်ခေါင်းတွင်စုသည့်ပမာဖြစ်ဟု လွှတ်တော်ကိုယ်စားလှယ် ပြော


Image may contain: 3 people, people smiling, hat
မီတာခိုးသုံးမှုများကို ဖော်ထုတ်အရေးယူရမည့်အစား အများပြည်သူထံမှ မီတာခတိုးကောက်ခြင်းမှာ ငါးတကာပေါ်နားခဲ့သည့်ဗျိုင်းချေး ပုစွန်ခေါင်းပေါ်တွင် စုသည့်ပမာဖြစ်သည့်ပမာဟု ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၃)ပြည်ထောင်ု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။
တနိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုသည် ၂၁ ရာခိုင် နှုန်းရှိပြီး နည်းပညာကြောင့် ပျောက်ဆုံးမှုသည် ၇ ရာခိုင်နှုန်းခန့်၊ နည်းပညာကြောင့် မဟုတ်သောဆုံးရှုံးမှု(တရားမဝင် ခိုးယူသုံးစွဲမှု)ကြောင့် ၁၃ ရာခိုင်နှုန်းတို့ရှိကြောင်း၊ အဆိုပါလျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုစာရင်းများတွင် ခိုးယူသုံးစွဲမှုကြောင့် ဆုံးရှုံး နေသည့် လျှပ်စစ်တန်ဖိုးပမာဏ တနှစ်လျှင် ကျပ်ဘီလီယံ ၃၅ဝ ခန့်ရှိကြောင်း ဒေါက်တာခွန်ဝင်းသောင်းက ဇူလိုင် ၂၄ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

''၂ဝ၁ဝ ပြည့်နှစ်ကတည်းက ထရန်စဖော်မာတလုံးအပိုထိုင်ပြီး တလ ၇ သိန်းကျော်ဆောင်ရမယ့် မီတာခကို ဝန် ထမ်းနဲ့ညှိပြီး တလတသိန်းပဲဆောင်လိုခဲ့ တဲ့လုပ်ငန်းရှင်မျိုးတွေ။ မတို့ရဲမထိရဲတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေအနေနဲ့ မီတာယူနစ်နှေးကွေးအောင်ကွိုင်ပတ်ပြီး ကျသင့်တဲ့ လျှပ်စစ် ဓာတ်အားလျော့နည်းအောင် ဆောင်ရွက်နေခြင်းစတဲ့ ခိုးယူမှုပုံစံအမျိုးမျိုး နေရာအနှံ့တပြည်လုံး ယနေ့ထိရှိနေ ဆဲဖြစ်နေတာတွေကို စောင့်ကြည့်ဖော်ထုတ်အရေးယူသင့်တာကြာပေမဲ့ တနှစ်ကိုကျပ် ဘီလီယံ ၃၅ဝ လောက် ခိုးယူသုံးစွဲခံနေရလို့ ဒါတွေကိုလျော့ပါးအောင်လုပ်ရမှာ ဌာနရဲ့တာဝန်သာဖြစ်တာမို့ ဘတ်ဂျက် ပိုတောင်းတဲ့ တပွဲတိုးကုထုံးတရပ်အပြင် ဓာတ်အားခတိုးမြှင့်ကောက်ခံတဲ့နည်းနဲ့ အလဲထိုးအမှုဆုံးဖြတ်လိုက်ရုံနဲ့ မလုံ လောက်သေးဘဲ အမြဲခိုးနေတာတွေကို ဖော်ထုတ်ဖို့အရေးကြီးတယ်ဆိုတာ အလေးထားစဉ်းစားဖို့ တင်ပြချင်ပါတယ်။ ဝိုင်းခိုးလို့ရှုံးနေတာကို မဆိုင်တဲ့ပြည်သူကို မျှခံခိုင်းနေရင် ငါးတကာပါတဲ့ချေး ပုစွန် ခေါင်းပေါ်ပဲစုခံစေတဲ့ ဓာတ်အားခဆုံးရှုံး တာတွေကိုကာမိအောင် ဓာတ်အားခတိုး မြှင့်ကောက်ခံနေခြင်းက အဖြေမှန်မဟုတ် ပါဘဲ အမြစ်ပြတ်ကုရမယ့်ရောဂါကို အကိုက်အခဲပျောက်ဆေးလေးပေးရုံနဲ့ ခဏ တာသက်သာပြီး ရေရှည်မှာအစာအိမ်သွေးကြောပေါက်တဲ့ side effect ကို ခံရနိုင်ဖွယ်ရှိပါတယ်။ ဓာတ်အားခတိုး ကောက်လေလေ ခိုးယူသုံးစွဲမှုအကြံအဖန်လုပ်တာများလေဖြစ်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ၂ဝ၁၄ IEA အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင်ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားအားလုံး၏ ၂ဝ ရာခိုင် နှုန်းမှာလေလွင့်ဆုံးရှုံးနေပြီး ယင်းပြဿနာဖြေရှင်းရေးအတွက် ထိရောက်သည့်လုပ် ဆောင်မှုမရှိသေးကြောင်း၊ ဓာတ်အား ထုတ်လုပ်စရိတ်အရှုံးပေါ်နေသည့်အပြင် ဓာတ်အားပို့လွှတ်ချိန်တွင် ၃ ရာခိုင်နှုန်း၊ နည်းပညာစိုက် ထုတ်မှုများမပြုလုပ်သဖြင့် ၇ ရာခိုင်နှုန်း၊ ၁ဝ ရာခိုင်နှုန်းမှာ ဓာတ်အား ခိုးသုံးမှု၊ မီတာဖတ်၊ မီတာဖိုးကောက်ခံ ကြသည့်ဝန်ထမ်းများ၏ အားနည်းချက်ဖြစ်သည်ဟုဖော်ပြထားပြီး တနှစ်လျှင် ကျပ် ဘီလီယံ ၃၅ဝ ခန့် အကြမ်းဖျင်းဆုံးရှုံးနေသည်ဟု ဖော်ပြထားကြောင်း ၎င်းက ပြောသည်။

''အဲဒီလို လျှပ်စစ်ဌာနရဲ့ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရေးရငွေစာရင်းတွေမှာ အမြဲ တမ်းလျော့မြဲဖြစ်နေလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်တယူနစ် ထုတ်လုပ်တိုင်းအရင်း ၉၈ ကျပ်ကုန်ကျ ကာ ၇ဝ ကျပ်ဝန်းကျင်ဖြင့် ရောင်းချကာ ၂၈ ကျပ် အမြဲရှုံးနေတယ်လို့ထုတ်ပြန်ပြီး မကြာခင်ကဘဲ လျှပ်စစ်ခတွေတိုးမြှင့် ကောက်ခံခဲ့ရလို့ ဌာနအနေနဲ့လည်း အတော့်ကိုပေါ်ပြူလာဖြစ်ခဲ့ရပါတယ်။ ဒီလိုတိုင်းပြည်ကိုစေတနာဗရပွနဲ့ ထုတ်လုပ် ဖြန့်ဖြူးပေးခဲ့တဲ့ လျှပ်စစ်ကဏ္ဍရဲ့ ရှုံးပုံရှုံးနည်းတွေကိုလည်း အနည်းငယ်ဆန်းစစ် ကြည့်သင့်ပါ တယ်''ဟု ၎င်းကပြောသည်။

ခန့်မှန်းတွက်ချက်မှုစာရင်းများအရ မြန်မာတနိုင်ငံလုံးအနေဖြင့် နွေရာသီတွင် အမြင့်မားဆုံးဓာတ်အားသုံးစွဲမှု ၃၄ဝဝ မဂ္ဂါဝပ်ရှိပြီး မိုးရာသီတွင် ၂၁ဝဝ မဂ္ဂါဝပ်ရှိကြောင်း၊ နွေရာသီတရက်လျှင် ယူနစ် ၈၁၆ သိန်း၊ မိုးရာသီ တရက်လျှင် ယူနစ် ၅ဝ၄ သိန်းကျော်သုံးကြောင်း ၎င်းကပြောသည်။

ကိုလင်း

0 comments:

Post a Comment