Wednesday, July 31, 2019

ခြေ/ဥပြင်ဆင်ရေး အလောသုံးဆယ်လုပ်ခြင်းသည် ၂၀၂၀ အတွက် ရည်ရွယ်ပြီး "တစ်ကောင်ထိုးကျွေး၊ နှစ်ကောင်စား ၊ ကင်းပေါက်အတွေးနဲ့ နိုင်ငံရေးကျားကွက်ရွှေ့ခြင်း" ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးအမတ် ဦးစိုင်းသန်းနိုင် ပြော

Image may contain: crowd
ယခုအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အလောသုံးဆယ်လုပ်ခြင်းသည် ၂၀၂၀ အတွက် ရည်ရွယ်ပြီး "တစ်ကောင်ထိုးကျွေး၊ နှစ်ကောင်စား ၊ ကင်းပေါက်အတွေးနဲ့ နိုင်ငံရေးကျားကွက်ရွှေ့ခြင်း" ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင် ကပြောသည်။

ယနေ့ ကျင်းပပြုလုပ်နေသည့် နေပြည်တော် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးရာ ၎င်း ကအထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
"အခုအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုအလောသုံးဆယ်ဆောင်ရွက်ခြင်းဟာ ၂၀၂၀ အတွက်ရည်ရွယ်ပြီး တစ်ကောင်ထိုးကျွေး နှစ်ကောင်စားကင်းပေါက်အတွေးနဲ့နိုင်ငံရေးကျားကွက်ရွှေ့တယ်လို့ ကျနော်သဘောပိုက်မိပါတယ်" ဟု ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဒီမိုကရေစီစံနှုန်းနှင့်ညီစေရန် စသဖြင့် သုံးနှုန်းထားကြောင်း၊ သို့သော်ပြည်သူများသည် ၂၀၀၈ ခြေ/ဥကပေးထားသော ဒီမိုကရေစီစံနှုန်းများကိုအပြည့်အ၀ရကြပြီလား ဟု ၎င်း က မေးခွန်းထုတ်ပြန်သည်။
"အခုရက်ပိုင်းတွေမှာ မိမိရဲ့ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ရေးသားမိလို့ အကျဉ်းကျခံနေရတဲ့သူတွေ အရင်ကထက်ပိုများလာတယ်လို့ကြားသိနေရပါတယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုထူထောင်ဖို့ စိတ်အားထက်သန်နေတဲ့ပုဂ္ဂိုလ်များကပဲ ပုဒ်မ ၂၆၁ အရ ပြည်နယ်တွေမှာ ပြည်နယ်လွှတ်တော်ရဲ့အဆုံးအဖြတ်နဲ့ ၀န်ကြီးချုပ်ခန့်ထားပေးနိုင်ရေး ဥပဒေကြမ်းတင်သွင်းတဲ့အခါ သဘောမတူနိုင်ကြတာကို ကျနော့အနေနဲ့နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်" ဟု ၎င်းကဆိုသည်။
ခြေ/ဥတွင် လုံးဝပြင်ဆင်ရန်မသင့်သည့်အချက် ပြင်ဆင်ရန်မသင့်သေးသည့်အချက်များရှိနေသည်ကိုလည်း ဂရုပြုရမည်ဖြစ်ကြောင်း ဦးစိုင်းသန်းနိုင် ကပြောခဲ့သည်။
"အခုကာလမှာတော့ ပြည်တွင်းငြိမ်းချမ်းရေးကလည်းထင်သလောက်ခရီးမပေါက်၊ စီးပွားရေးကလည်းတုံ့ဆိုင်းနှေးကွေး နေလေတော့ ဒီလိုဖြစ်ရတာ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်လို့ အကြောင်းပြရင်တော့ ဒါယုတ္တိမတန်ဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိပြည်ထောင်စုလွှတ်တော်နာယကတာဝန်ယူနေသော ဦးတီခွန်မြတ် အပါအ၀င် ဥပဒေပညာရှင် ၅၄ ဦးက ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သေးသည်။
ပြင်ဆင်ရန်အရေးတကြီးလိုပြီလား၊ ပြင်ဆင်ရန် အတွက် ကို်ယ်စားလှယ် ၄၅ ဦးဖြင့် အစည်းအဝေးအကြိမ် ၂၅ ကြိမ်ကျင်းပဆောင်ရွက်ရုံဖြင့် လုံလောက်ပါရဲ့လား ဖြစ်သင့်ရဲ့လား ဟုလည်း ၎င်းက မေးခွန်းထုတ်သည်။
၂၀၈၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ပင် နိုင်ငံ့စီးပွားရေးကိုလည်း အထိုက်အလျောက်တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းဦးစိုင်းသန်းနိုင်က ပြောသည်။
"ပြင်ဆင်ချက်များကိုလေ့လာကြည့်တဲ့အခါ ပါတီတစ်ခုဟာ အရေးသုံးပါးကိုပယ်ဖျက်လိုကြောင်း ဆန္ဒပြုထားတာတွေ့ရပါတယ်။ ဒီအရေးသုံးပါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အမာခံကျောရိုးဖြစ်ပါတယ်။ ဒီအမာခံကျောရိုးကိုပယ်ဖျက်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်လုံးကိုပယ်ဖျက်ခြင်းလို့ယူဆနိုင်ပါတယ်။ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ မြေကို တစ်လက်မခန့်မျှ အပဲ့မခံဘဲ အနာဂတ်မျိုးဆက်တွေကို အမွေပေးချင်တဲ့ သူတွေအဖို့တော့ ရင်မောစရာ စိုးရိမ်စိတ်ဖြစ်စရာတွေဖြစ်လာမှာအမှန်ပဲဖြစ်ပါတယ်" ဟု လည်း ၎င်း ကပြောခဲ့သည်။
News Ambassador

0 comments:

Post a Comment