Tuesday, July 30, 2019

တပ်မတော်သားလွှတ်တော်အမတ် ၅၀ ရာခိုင်နှုန်းပါဝင်၍ သမ္မတခွင့်ပြုချက်မလိုဘဲ တပ်မတော်က အာဏာ ရယူနိုင်ရေး ဖွဲ့စည်းပုံပြင်ရန် ကြံ့ခိုင်ရေးအမတ် တင်ပြ

Image may contain: 3 people, people standing
ကြံ့ခိုင်ရေးပါတီက လွှတ်တော်များတွင် တပ်မတော်သား အမတ် ၅၀ ရာခိုင်နှုန်းပါဝင်၍ အရေးပေါ် အခြေအနေတွင် နိုင်ငံတော်သမ္မတ ခွင့်ပြုချက်မလိုဘဲ တပ်မတော်က အာဏာရယူနိုင်ရေး ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်ပြ တောင်းဆိုလိုက်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးစဉ် ကြံ့ခိုင်ရေးပါတီမှ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ထိုသို့ တင်ပြ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ Transition Period ဖြစ်ပြီး အင်မတန် နုနယ်ပါသေးတယ်။ အနောက်ကမ္ဘာနဲ့ OIC တို့နဲ့အတူ UN ကတောင်မှ မြန်မာနိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက် ချယ်လှယ်မှုတွေ များပြားလာသလို ငြိမ်းချမ်းရေးအပြီး သတ်မရရှိသေးတဲ့ လက်နက်ကိုင်တွေရဲ့ အင်အားကလည်း ယခင် ၁ သိန်းကျော်ကနေ ကြောက်ခမန်းလိလိ ကြီးထွားလာနေပါတယ်။ ဒီလို အခြေအနေမျိုးမှာ တပ်မတော်ဟာ လွှတ်တော်ကနေ ရာခိုင်နှုန်းလျှော့ချဖို့ ဆုတ်ခွာဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် ကျနော်ရဲ့ အကြံပြုချက်ကတော့ ပြည်ထောင်စု လွှတ်တော် တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်များတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များအဖြစ် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၀ ရာခိုင်နှုန်း ပါဝင်သည် ဖြစ်ပါတယ်" ဟု ဦးမောင်မြင့်က ပြောသည်။
ထို့ပြင် အရေးပေါ် အခြေအနေေ ပေါ်ပေါက်လာပါက နိုင်ငံတော်သမ္မတက အသိအမှတ်မပြုပါက ၊ နိုင်ငံတော်သမ္မတက တာဝန်မပေးသော်လည်း တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ တားဆီးကာကွယ်စောင့်ရှောက်ပိုင်ခွင့်ရှိသင့်သည်ဟု ၎င်းက ဆိုသည်။
"အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းပြချက်ရှိလျှင် ထိုအန္တရာယ်ကို နိုင်ငံတော်သမ္မတမှ အသိအမှတ်မပြုပါက နိုင်ငံတော်သမ္မတမှ တာဝန်မပေးသော်လည်း တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ တားဆီးကာကွယ်စောင့်ရှောက်ခွင့်ရှိသည်။ ပြည်ထောင်စုပြိုကွဲစေမည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြိုကွဲစေမည့် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်ချက်အတိုင်း တပ်မတော်က ဆောင်ရွက်ရမည်" ဟု ဦးမောင်မြင့်က ဆိုသည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကောင်မတီ၏ အစီရင်ခံစာကို လွှတ်တော်အမတ်များက ဆွေးနွေးခဲ့ကြပြီး မပြီးပြတ်သဖြင့် သြဂုတ်လ ၁ ရက်နေ့တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။

0 comments:

Post a Comment