Wednesday, July 31, 2019

Gold AYA ကားစက်ရုံက တစ်နှစ်လျှင် ကားအစီးရေ ငါးထောင်ထုတ်လုပ်ရောင်းချမည်

တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသော Gold AYA ကားစက်ရုံက တစ်နှစ်လျှင် ကားအစီးရေ ငါးထောင်ခန့် ထုတ်လုပ် ရောင်းချမည်ဖြစ်ကြောင်း ယင်းစက်ရုံထံမှ သိရသည်။
ယင်းစက်ရုံမှ ကားများကို SKD စနစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး ပြည်တွင်းဈေးကွက်သို့ အဓိကဦးတည်၍ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကာ ပြည်ပသို့လည်း တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း ယင်းစက်ရုံထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်းရှိ Gold AYA မော်တော်ကားစက်ရုံထုတ်  မော်တော်ကားများကို ဩဂုတ်လဆန်းတွင် စတင်၍ ရောင်းချသွားမည်ဖြစ်ပြီး GOLD AYA Motors စက်ရုံမှ ထုတ်လုပ်သည့် Q35 မော်တော်ကားအစီး ၁၆၀ ခန့်ကိုလည်း ရန်ကုန်အရောင်းပြခန်းကနေတစ်ဆင့်   စတင်ရောင်းချသွားမှာဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူ Mr.Jacky Yan က  ပြောကြားသည်။

“ကားပုံစံ ၁၀ မျိုးထုတ်မယ်။ အမျိုးအစားကတော့ ၆ မျိုးပေါ့။ လူစီးကားတွေချည်းပါပဲ။ Van ကားပုံစံတွေရော၊ ဆလွန်းကားတွေရော၊ SUV ကားတွေရော ထုတ်သွားမှာပါ” ဟု ယင်းစက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ကားဈေးနှုန်းများနှင့် ကားဝယ်မှုပုံစံများကို ဩဂုတ် ၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ထပ်မံကျင်းပမည့်ပွဲတွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်စီမံကိန်းတွင် ဇူလိုင်လ ၃၁ ရက်နေ့က  GOLD AYA မော်တော်ကားထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။

Gold AYA Motors International Group Co,Ltd သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တည်ရှိသည့် Shining Star Group မှ နိုင်ငံတော်၏ The Belt and Road စီမံကိန်းကို အကောင်အထည်ဖော်သည့်အနေဖြင့် ၂၀၁၇ ခုနှစ်တွင်စတင်၍  မြန်မာနိုင်ငံတွင်တည်ထောင်ခဲ့သော မော်တော်ကားတပ်ဆင်သည့်ကုမ္ပဏီဖြစ်ပြီး  အမေရိကန်ဒေါ်လာ သိန်း ၃၀၀ ရင်းနှီးမြှုပ်နှံထားသည်။

မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းတွင် နိုင်ငံ ၇ နိုင်ငံမှ  လုပ်ငန်းပေါင်း  ၂၁ ခု လုပ်ကိုင်လျက်ရှိပြီး    နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတန်ဖိုးစုစုပေါင်း မြန်မာကျပ်ငွေ ၂၄၃ ဘီလီယံခန့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ မီလီယံ မြှုပ်နှံထားသည်။

လက်ရှိပြည်တွင်း၌ SKD စနစ်ဖြင့် Hyundai, Suzuki, Nissan, KIA, Ford တို့က ထုတ်လုပ်နေပြီး တိုယိုတာကုမ္ပဏီကလည်း ပြည်တွင်း၌ Hilux ကားများလာရောက်ထုတ်လုပ်မည်ဖြစ်ကြောင်း တိုယိုတာကုမ္ပဏီက ထုတ်ပြန်ထားသည်။

0 comments:

Post a Comment