Tuesday, July 30, 2019

‘၀’ ထိန်းချုပ်ဒေသက လူ ၄၀ ခန့် ရေအဆိပ်သင့်ပြီး ထိုင်းဆေးရုံတက်ရောက်

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ယူဒဗလျူအက်စ်အေ ‘၀’တပ်ဖွဲ့ စစ်​​ဒေသ(၁၇၁) တပ်​မဟာ(၇၇၈)က တပ်​ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်​ ၄၀ လောက်  ဓာတု အဆိပ်​သင့် ရေ​သောက်​သုံးမိပြီး ထိုင်းနိုင်​ငံ​က ဆေးရုံမှာ အ​ရေး​ပေါ်တက်ရောက် ကုသမှုခံယူနေရပါတယ်။

တပ်​မဟာ(၇၇၈)အ​ခြေစိုက်​ရာ ခိုင်းလုံ​ဒေသမှာ စု​ပေါင်းစိုက်​ပျိုးထားတဲ့ ​တောင်​ယာ စပါးခင်းဧက ၄၀လောက်ကို ထိုင်းနိုင်​ငံထုတ်​ လက်​ဝပ်​အမျိုးအစား​ ပေါင်းသတ်​​ဆေးဖြန်းခဲ့ပြီး ည​နေပိုင်းမိုးရွာသွန်းမှုကြောင့် တောင်​ယာခင်းတွေက ရေတွေဟာ သောက်​သုံး​ရေအတွက် လုပ်​ထားတဲ့ဆည်​ထဲဝင်​​ရောက်​​နေတာကို မသိရှိဘဲ သုံးစွဲမိရာက​နေ ခုလိုဖြစ်​ပွားခဲ့တာပါ။
စစ်​​ဒေသ(၁၇၁) တာဝန်ရှိသူတဦးက​ “​တောင်​ယာစပါးခင်း​တွေကို​ ပေါင်းသတ်​​ဆေး အရင်​​နေ့က ဖြန်းထားတယ်​လို့သိရတယ်​၊ မိုးရွာလိုက်​​တော့ အဲ့ဒိက​နေ​သောက်​သုံး​ရေအတွက် ​လုပ်​ထားတဲ့ဆည်​ထဲကို​ ရေဆိုးဝင်​တာမသိဘဲ ည​နေပိုင်းမှာ​သောက်​မိ တယ်​လို့ထင်​ပါတယ်​”လို့ ပြောပါတယ်။
ထိုင်းဆေးရုံမှာ တက်ရောက်နေသူတွေထဲမှာ လက်ရှိအချိန်အထိတော့ သေဆုံးသူ မရှိ​သေး​ဘူးလို့ သိရပြီး အ​ရေး​ပေါ် ဆေးကုသမှု​တွေ​ ဆက်လက်ဆောင်​ရွက်​​နေဆဲ ဖြစ်ပါတယ်​။
ယူဒဗလျူအက်စ်အေ – တောင်ပိုင်း ‘၀’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေအဆိပ်သင့်မှု ဖြစ်ပြီး လူ ၄၀ နီးပါး ထိုင်းဆေးရုံသို့ လာရောက် ဆေးကုသမှုခံယူနေတာနဲ့ ပတ်သက်ပြီးလည်း  ထိုင်းခေါဝ်ဆွတ်သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ပန်မဖာ့မြို့နယ် ဘန့်မိုက်လန်းကျေးရွာရှိ ထိုင်း နယ်ခြားစောင့်တပ်အ၀င်ဂိတ်မှာ ဇူလိုင် ၂၉ ရက် ည ၁၀ နာရီကျော်က  မြန်မာနိုင်ငံ ရှမ်းပြည်နယ် ၊ ခိုင်းလုံကျေးရွာဘက်ကနေ အစာအဆိပ်သင့်လူနာတွေ ရောက်ရှိလာပြီး ဆေးကုသခွင့် တောင်းခံတဲ့အတွက် ထိုင်းတပ်ဖွဲ့ထဲမှာ ရှေးဦးသူနာ ပြုစုပေးခဲ့ရတယ်လို့  ပန်မဖာ့မြို့နယ်မှူး နိုင်းကျလွန်းဆွဲ့ကျစ်က ပြောတယ်လို့လည်းဆိုပါတယ်။
လူနာတွေမှာ ပထမအသုတ်အနေနဲ့ ၂၂ ဦးရောက်ရှိလာပြီး  မူးဝေအော့အန်တာ၊ ဗိုက်နာတာ စတဲ့လက္ခဏာ တွေရှိပြီး တချို့ကသတိလစ်တဲ့အထိဖြစ်နေလို့ အဲဒီညမှာပဲ ပန်မဖာ့မြို့နယ်ဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပေးရတယ်လို့ ဆိုပါတယ်။
ဒီနောက် အဆိပ်သင့်လူနာတွေ တသုတ်ပြီးတသုတ် ထပ်ရောက်လာရာမှာ ည ၁၁ နာရီ ခွဲလောက်မှာတော့ စုစုပေါင်း ၃၉ ဦး ရှိသွားပြီး ကျား ၃၇ ဦး နဲ့ မ ၂ ဦး ပါဝင်ကြောင်း အများစုမှာ လူကြီးတွေဖြစ်တယ်လို့ မြို့နယ်မှူးက ပြောပါတယ်။
အစာဆိပ်သင့်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ သူတို့ရွာထဲက လယ်ယာ စိုက်ခင်းတွေမှာ သီးနှံဖျက်ဓာတုပိုးသတ်ဆေးတွေ ပက်ဖျန်းခဲ့ကြောင်း ၊ မိုးတွေရွာလာတဲ့အခါ စိုက်ခင်းထဲကရေတွေ သူတို့ အသုံးပြုနေတဲ့ ရေအရင်းအမြစ်ထဲကို စီးဆင်းသွားပြီး အဆိုပါရေကို သောက်သုံးမိရာက အဆိပ်သင်ခဲ့ကြတာလို့ ဆိုပါတယ်။  
လူနာတွေကို ပန်မဖာ့ဆေးရုံက ကောင်းစွာကုသပေးနေရာမှာ နောက်ထပ် ၂ ရက်ဆိုရင် အားလုံး နေကောင်းသက်သာလာမှာဖြစ်ကြောင်း၊ သူတို့ရဲ့ လုံခြုံရေးအတွက် အမှတ် ၇၂၁ ထိုင်းခြေ လျင်တပ်ရင်း က တာဝန်ယူထားတယ်လို့ မြို့နယ်မှူးက ပြောပါတယ်။
သတင်း- အောင်ဇေယျ၊ နန်းမြနဒီ
ကိုးကား-ခေါဝ်ဆွတ်
DVB

0 comments:

Post a Comment