Tuesday, July 30, 2019

အိန္ဒိယတွင် လွှတ်တော်အမတ်တစ်ဦးအား သက်သေဖျောက်ဖျက်ရန် လူသတ်မှုဖြင့် စုံစမ်းစစ်ဆေး

အိန္ဒိယတွင် အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦးအား မုဒိမ်းမှုဖြင့် တရားစွဲထားသူ အမျိုးသမီးတစ်ဦး ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ အမတ်အား လူသတ်မှုဖြင့် ရဲက စုံစမ်းစစ်ဆေးနေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် တရားလို အမျိုးသမီးနှင့် သူမ၏ရှေ့နေတို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး သူမ၏အဒေါ်နှစ်ဦး သေဆုံးသွားခဲ့သည်။

အဆိုပါယာဉ်တိုက်မှုသည် သူမအား တမင်သက်သက် သေကြောင်းကြံခြင်းဖြစ်သည်ဟု သူမ၏ မိသားစုနှင့် အတိုက်အခံအမတ်များက စွပ်စွဲကြသည်။

BJP ပါတီမှ အမတ် ခူဒိဆန်ဂါသည် မုဒိမ်းမှုအတွက် တရားရင်ဆိုင်နေရသည့် အချိန်တွင် အကျဉ်းထောင်၌ ထိန်းသိမ်းထားခြင်းခံရလျက်ရှိသည်။ နစ်နာသူ မိန်းကလေးသည် ၂၀၁၇ ခုနှစ်က အရွယ်မရောက်သေးသူဖြစ်သောကြောင့် ခူဒိဆန်ဂါသည် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ တရားစွဲခြင်းကို ရင်ဆိုင်နေရသည်။ ၎င်းကမူ ကျူးလွန်ခြင်းမရှိကြောင်း တစ်သမတ်တည်း ငြင်းဆန်နေခဲ့သည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ တရားလိုအမျိုးသမီးငယ်၏ မိသားစုက တိုင်ချက်ဖွင့်ခဲ့ပြီးနောက် တနင်္လာနေ့တွင် အမတ်ဆန်ဂါ၊ ၎င်း၏ညီဖြစ်သူနှင့် အခြားသူ တစ်ဒါဇင်ကျော်တို့ကို လူသတ်မှု၊ လူသတ်ရန် ကြံစည်မှု၊ ခြိမ်းခြောက်မှုတို့ဖြင့် တရားဝင် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်သည်။

ဆန်ဂါ၏ရှေ့နေ အဝါဒေ့ဆင်းကမူ ယာဉ်တိုက်မှုသည် မတော်တဆမှုသာ ဖြစ်ကြောင်းနှင့် ၎င်း၏အမှုသည်ကို နိုင်ငံရေးအရ ထိခိုက်စေရန် ရည်ရွယ်ချက် ဖြင့် စွပ်စွဲကြခြင်းဖြစ်သည်ဟု ကာကွယ်ပြောဆိုသည်။

လက်ရှိတွင် အသက် ၁၉ နှစ်အရွယ် ရှိနေပြီဖြစ်သူ တရားလို အမျိုးသမီးငယ်သည် သူမရှေ့နေ အပါအဝင် အဒေါ်များနှင့်အတူ ကားမောင်းသွားစဉ် ရေဘာရီခရိုင် အဝေးပြေးလမ်းပေါ်တွင် ကုန်တင်ယာဉ်တစ်စင်းက သူမတို့၏ ကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ကုန်တင်ယာဉ်၏ ယာဉ်မောင်းနှင့် ပိုင်ရှင်တို့ကို ရဲက ခေါ်ယူစစ်ဆေးနေပြီး ကုန်တင်ယာဉ်၏ နံပါတ်ပြားကို ဆေးအမည်းသုတ်၍ ဖျက်ထားသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

အစပိုင်းတွင် ယာဉ်မတော်တဆမှု အဖြစ်သတ်မှတ်ကာ စစ်ဆေးခဲ့သည်ဟု ရဲဌာနက ပြောကြားသည်။ သို့ရာတွင် ယာဉ်တိုက်မှုတွင် သံသယဖြစ်စရာ အချက်များတွေ့ရှိရသည်ဟု ယူဆသော အတိုက်အခံနိုင်ငံရေးပါတီများက ဖိအားပေးခဲ့ပြီးနောက် ဖက်ဒရယ် မှုခင်းဌာနသို့ အမှုကို လွှဲပေးရန် နယ်မြေခံရဲများက သဘောတူခဲ့ကြသည်။

လူမှုတက်ကြွလှုပ်ရှားသူများကလည်း ဆေးရုံတွင် စိုးရိမ်ရသည့် အခြေအနေ ရှိနေဆဲဖြစ်သူ အမျိုးသမီးငယ်ဘက်မှ ရပ်တည်မှုကိုပြသသည့်အနေနှင့် တနင်္လာနေ့ ညတွင် မြို့တော်ဒေလီ၌ ဆန္ဒပြပွဲ ကျင်းပခဲ့ကြသည်။

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော မုဒိမ်းမှုတွင် ရဲများက အရေးယူဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် လူထု၏ အမျက်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။ 

နစ်နာသူ အမျိုးသမီးငယ်သည် ၂၀၁၈ ဧပြီလတွင် ပြည်နယ်ဝန်ကြီးချုပ်နေအိမ်ရှေ့တွင် သူမကိုယ်သူမ မီးရှို့ရန် ကြိုးစားကာ သူမ၏အမှုကို သတိထားမိအောင် ပြုလုပ်ခဲ့သည်။ ထို့နောက် တစ်ရက်အကြာတွင် သူမ၏ဖခင်သည် အချုပ်ထဲတွင် သေဆုံးသွားခဲ့သည်။ ၎င်းသည် လွန်ခဲ့သော တစ်ပတ်က အမတ်၏ညီ အတူးဆန်ဂါနှင့် ဝန်းရံသူအချို့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်ဟု သိရှိရသည်။

အိန္ဒိယ ဖက်ဒရယ်အမှုစစ်ဌာနက မနှစ်က ထိုအမှုကို ကိုင်တွယ်ခဲ့ပြီး အတူး ဆန်ဂါနှင့် အခြားသူဆယ်ဦးကို ဖမ်းဆီးကာ လူသတ်မှုဖြင့် တရားစွဲဆိုခဲ့ပြီးဖြစ်သည်။ 
The Voice

0 comments:

Post a Comment