Tuesday, July 30, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ လမ်းဟောင်းကသွား၍ ပန်းတိုင်မရောက်နိုင်လျှင် လမ်းသစ်ဖောက်ရမည်ဟု ဒေါ်ထုမေ ပြော

Image may contain: 3 people, people smiling, people sitting and child

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လမ်းဟောင်းကသွား၍ ပန်းတိုင်မရောက်နိုင်လျှင် လမ်းသစ်ဖောက်ရမည်ဟု ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေက ဇူလိုင် ၃၀ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ယင်းကဲ့သို့ အကြံပြုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“သွားဖို့လမ်းရှိပေမယ့် ဒီလမ်းကပန်းတိုင်ကိုမရောက်နိုင်ရင် လမ်းသစ်ဖောက်ပြီးတော့ သွားသင့်ရင်သွားရမှာဖြစ်ပါတယ်”ဟု သူမကဆိုသည်။
ယင်းအပြင် ခေါင်းဆောင်များအကြား နိုင်ငံရေးအရ ညှိနှိုင်းမှုများဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်မှ တိုက်တွန်းသင့်ကြောင်းလည်း ၎င်းက ပြောသည်။
ဒေါ်ထုမေက”ခေါင်းဆောင်များအကြား Political Negotiation လို့ခေါ်တဲ့ နိုင်ငံရေးအရညှိနှိုင်းမှုများကိုဆောင်ရွက်ဖို့ကိုလည်း ကျွန်မတို့ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းသင့်ပါတယ်”ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။
အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတန်းတူရေးစသည်တို့ကို အကောင်အထည်ဖော်ရန်အတွက် အခြေခံဥပဒေပြင်ဆင်ရေးမှာ လက်တွေ့မကျဘဲ တရားမျှတစွာပြင်ဆင်မရဘဲခက်ခဲနေမည်ဆိုပါက မြန်မာနိုင်ငံမှာဖွံ့ဖြိုးမှုအားနည်းသည့် ပြည်တွင်းစစ်ထဲတွင်သံသရာလည်ပြီး ကမ္ဘာတွင်မျက်နှာဆက်ငယ်နေရဦးမည်ဟုလည်း ၎င်းကပြောသည်။
ထို့ကြောင့်ကျန်ရှိနေသေးသည့် လွှတ်တော်သက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာပုဒ်မနှင့်စပ်လျဉ်းပြီးပြင်ဆင်ရန် အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဒေါ်ထုမေကအကြံပြုခဲ့သည်။
ထို့အပြင် အခြေခံဥပဒေပြင်ဆင်ခြင်းနည်းလမ်းမှာ နိုင်ငံတော်အခြေခံမူကို ပြည့်ဝအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အာမခံချက်မပေးနိုင်ပါက အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲခြင်းမှာ ပိုမိုကောင်းမွန်သည့်နည်းလမ်းဖြစ်မလားဆိုသည်ကို ပြည်ထောင်စုလွှတ်တော်အနေဖြင့် လိုအပ်ပါက သုံးသပ်ရမည်ဖြစ်ကြောင်း ၎င်းကတင်ပြခဲ့သည်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသားများမှီတင်းနေထိုင်ကြသောနိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားလူမျိုးများကိုအခြေခံသော ပြည်နယ်များအဖြစ် ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထိုသို့ ဖွဲ့စည်းတည်ဆောက်ရာတွင် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်ကိုက်ညီရန်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်၊ တိုင်းရင်းသားတန်းတူညီမျှမှုကို အကောင်အထည်ဖော်ရန်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိသောပြည်နယ်များအဖြစ်ပါဝင်သော ပြည်ထောင်စုကိုဖွဲ့စည်းရန်၊ အာဏာများသည် ပြည်သူလူထုထံမှ အမှန်တကယ်ဆင်းသက်လာစေရန်နှင့် ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များ၏ဆုံးဖြတ်ချက်ဖြင့် တိုင်းပြည်အနာဂတ်ကိုဖန်တီးရန်၊ ရည်မှန်းသည့်အခြေခံဥပဒေပြင်ဆင်ချက်များဆောင်ရွက်ရန် အစီရင်ခံစာကို ကြိုဆိုပါကြောင်းဆက်လက်ဆွေးနွေးခဲ့သည်။
ဖူးအောင်

0 comments:

Post a Comment