Tuesday, July 30, 2019

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ၏အစီရင်ခံစာမှာ ဦးတည်ချက်မရှိကြောင်း ပြည်ခိုင်ဖြိုးအမတ် ဒေါက်တာမောင်သင်း ဆွေးနွေး

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ၏အစီရင်ခံစာမှာ ဦးတည်ချက်မရှိကြောင်း ပြည်ခိုင်ဖြိုးအမတ် ဒေါက်တာမောင်သင်း ဆွေးနွေး
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီအစီရင်ခံစာသည် ဘောင်အပြင်ဘက်မှ သုံးသပ်ထားခြင်း ဖြစ်ကြောင်း မိတ္ထီလာမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမောင်သင်းက ပြောသည်။
ဇူလိုင်လ(၃၀)ရက်ကကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစီအစဉ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့်ပတ်သက်ပြီးဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ အစီရင်ခံစာ၏သုံးသပ်ချက်များသည် ဦးတည်ချက် ၅ ရပ်ကို အခြေပြုမှုကင်းကာ ဘောင်အပြင်ဘက်မှသာ လိုသလိုစွဲ၍ သုံးသပ်ထားခြင်းဖြစ်ပါတယ်။ ဒါ့အပြင်အစီရင်ခံစာရဲ့သဘောထားမှတ်ချက်အပိုဒ်တွင်လည်း ပြင်ဆင်ချက်ပူးပေါင်းကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတစ်စောင်ဆက်လက်ရေးဆွဲသွားဖို့ပါရှိပါတယ်။ လက်ရှိအစီရင်ခံစာသည်ပင်လျှင် ဦးတည်ချက် ၅ ရပ်ကို တိတိပပမရှိတဲ့၊ အကောင်အထည်မဖော်နိုင်တဲ့ အစီရင်ခံစာဖြစ်နေသေးရင် ဥပဒေမူကြမ်းတစ်ရပ်အဖြစ် ဆက်လက်ရေးဆွဲခဲ့ရင်လည်းယခုလိုဦးတည်ချက်နဲ့ အလှမ်းဝေးမယ့် ဥပဒေကြမ်းတစ်ရပ်ပေါ်ထွက်လာမယ်လို့ မြင်မိပါတယ်” ဟု မိတ္ထီလာမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမောင်သင်းက ပြောသည်။
ပြည်ထောင်စုနာယကမှ ၄၅ ဦးပါဝင်သည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီကိုဖွဲ့စည်းပေးခဲ့စဉ်က ချမှတ်ပေးလိုက်သည့် ဦးတည်ချက်နှင့်တာဝန်များကိုပီပြင်စွာဆောင်ရွက်နိုင်ခြင်းမရှိသည့် အစီရင်ခံစာကို လွှတ်တော်ကြီးမှ ဘာကြောင့်လက်ခံသင့်ပါသလဲဟုလည်း ၎င်းကဆွေးနွေးခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကိုလွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးမှ အမည်စာရင်းတင်သွင်းထားပြီးဇူလိုင်လ ၃၀ ရက်တွင် လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချမ်းငြိမ်း ( အကုန်သိသတင်းဌာန )

0 comments:

Post a Comment