Tuesday, July 30, 2019

အင်းဝရှေးဟောင်းဒေသတွင် မြင်းလှည်းခရီးစဉ် အချိန်တိုးမြှင့်ပြေးဆွဲမည်

67448013_918541238510640_4247853639361626112_o
မန္တ​လေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းဒေသအတွင်း မြင်းလှည်းနဲ့ လည်ပတ်တဲ့ ခရီးစဉ်ကို အချိန်တိုးမြှင့်ပြေးဆွဲပေးတော့မယ်လို့ အင်းဝမြင်းလှည်းအသင်းထံက သိရပါတယ်။

အရင်က ဗားကရာ၊ မဟာအောင်မြေဘုံစံမယ်နုအုတ်ကျောင်း၊ အင်းဝနန်းမြင့်မျှော်စင်၊ ရတနာဆီမီးဘုရားစတဲ့ နေရာလေးခုကို အချိန်နှစ်နာရီကို ကျပ် ၁၀၀၀၀ နှုန်းနဲ့ ပြေးဆွဲ ပို့ဆောင်ပေးနေတာပါ။
လာမယ့်ဩဂုတ် ၁ ရက်က စတင်ကာ ဝင်္ကပါကြောင်လိမ် မြင့်မိုရ်တောင် လေးနေရာ ဘုရားအုပ်စုနဲ့ မဟာလောကသရဖူဘုရားကြီးတို့ကိုပါ တိုးချဲ့ပို့ဆောင်ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ထပ်တိုးအချိန် တနာရီနဲ့ သုံးနာရီကြာအောင် ပို့ဆောင်ပေးမှာဖြစ်ပြီး အခုလို တိုးချဲ့ ပို့ဆောင်မယ့်အတွက် ကျပ် ၁၅၀၀၀ အထိ နှုန်းထားတိုးမြှင့်ကောက်ခံမှာဖြစ်ပါတယ်။
လည်ပတ်တဲ့ခရီးစဉ် အချိန်နည်းပါးတာကြောင့် အင်းဝဒေသအတွင်းက ရှေးဟောင်းနေရာ တွေကို ပိုမိုလေ့လာနိုင်အောင် တိုးချဲ့ပြေးဆွဲတာလို့ အင်းဝမြင်းလှည်းအသင်းဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောပါတယ်။
“လည်ပတ်တဲ့ ခရီးသည်လည်း အချိန်အားနည်းနေတဲ့အတွက် အချိန်တိုးမြှင့်ပြီးတော့ သူတို့မှာလည်း လည်နိုင်အားပိုပြီးကောင်းအောင်၊ နောက်ပြီးကျတော့ အခြားနေရာလေးတွေ ရှေးဟောင်းဘုရားလေးတွေ ထပ်ပြီးတိုးချဲ့ပြီးတော့ သူတို့လည်း ကြည့်ရှုလေ့လာရအောင်လို့ ခရီးစဉ်ကို တိုးချဲ့တယ်။ အဲ့ဒီအတွက်ကြောင့် ဈေးနှုန်းကလည်း ပိုပြီးတော့ ယူပေးထားပါတယ်”လို့ ပြောပါတယ်။
နိုင်ငံခြားသား ခရီးသွား လာရောက်လည်ပတ်ချိန်ဟာ ဩဂုတ်လဆန်းပိုင်းမှာ စတင် များပြားတာဖြစ်တယ်လို့လည်းသိရပါတယ်။ လတ်တလော တရုတ်နိုင်ငံသား ခရီးသွား အများအပြားသာ လာရောက်လည်ပတ်နေကြပြီး ၎င်းတို့ခရီးစဉ်အတိုင်းသာ လာတာဖြစ်တဲ့အတွက် မြင်းလှည်းနဲ့ လည်ပတ်သူ နည်းပါးနေပါတယ်။
မြင်းလှည်းမောင်းခ ကျပ် ၁၀၀၀၀ ကောက်ခံခဲ့ရတာဟာ ကုန်ကျစားရိတ်နဲ့ နှိုင်းယှဉ်ပါက မြင်းလှည်းမောင်းသူတွေအတွက် အဆင်မပြေဘူးလို့. မြင်းလှည်းမောင်းသူ ဦးမောင်မောင်က ပြောပါတယ်။
အင်းဝဒေသအတွင်း မြင်းလှည်းပြေးဆွဲနေတဲ့ ဦးမောင်မောင်က ”အရင်ခရီးစဉ် အနေအထားကျတော့ တို့တနေ့တာထွက်တယ်။ အဲ့လို အချိန်ပိုင်းမှ တသောင်း ရတယ်။ တသောင်းရတဲ့ဟာ မြင်းစာဖိုးနဲ့ သွားလာရေးနဲ့ မြင်းတကောင်ရဲ့ ကုန်ကျစားရိတ်နဲ့ အစာစားရိတ်နဲ့ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုး၊ ကွမ်းဖိုးနဲ့ စားလိုက်တော့ ဘာမှ မကျန်ဘူး။ အဲ့တော့ တနေ့တခေါက် ထွက်ရတယ်ဆိုတဲ့ နာမည်သာရှိတယ်။ သုံးလေးထောင်လောက်ပဲ ကျန်တယ်။ အဲဒီ သုံးလေးထောင်လောက်ကလည်း မိသားစုအတွက်က အလကားပဲ။ အခုလို တသောင်းခွဲ လောက်ဖြစ်တယ်ဆိုတော့ နည်းနည်းတော့အသက်ရှူချောင်တယ်လို့ ပြောရမှာ”လို့ ပြောပါတယ်။
မြင်းလှည်းမောင်းအချိန် တိုးမြှင့်ပို့ဆောင်မှာ၊ ငွေကြေးပိုမိုကောက်ခံမှာနဲ့ ပတ်သက်ပြီး တံတားဦးမြို့နယ် စည်ပင်သာယာရေးကော်မတီနဲ့ သက်ဆိုင်တဲ့ ဌာနတွေကို တင်ပြထားတယ်လို့ လည်း သိရပါတယ်။
အမျိုးသမီး မြင်းလှည်းမောင်းသမား ဒေါ်ဌေးဌေးက ”အစ်မတို့ တဦးတည်း မဟုတ်ဖူးလေ၊ အရင်တုန်းက ဦးပိန်နဲ့ အစ်မတို့မြင်းလှည်းဂိတ်နဲ့ဆိုရင် ဈေးနှုန်းတူတူပဲ လှေဈေးနဲ့ ဦးပိန်က နှစ်နှစ်ရှိသွားပြီ တသောင်းခွဲ ဖြစ်သွားတာ။ အစ်မတို့က တသောင်းခွဲလို့ဖြစ်လိုက်ရင် ဧည့်များ လာမှ လာပါ့မလားဆိုတဲ့ အတွေးကို ကြောက်ပြီးတော့မတက်တာ။ ဒါပေမယ့် မကိုက်ဘူး။ ခုကျတော့ ဧည့်လမ်းညွှန်တွေများများကလည်း တသောင်းခွဲ နှုန်းကို ဖြစ်စေချင်တယ်။ အစ်မတို့ အနေနဲ့ကလည်း ဒီ တသောင်းခွဲမှသာလျှင် မောင်းကြေးပေးရတာနဲ့ မြင်းစာဖိုး ဈေးတက်တာနဲ့၊  ဖွဲကလည်း အရင် တပိဿာမှ ငါးရာ ၊ခု ခုနစ်ရာ့ငါးဆယ်၊ အဲ့လို အစစအရာရာ ကုန်ဈေးနှုန်းကအစ တက်တဲ့အခါကျတော့ အစ်မတို့ကလည်း ဒီ တသောင်းခွဲမှ အဆင်ပြေမှာ၊ တသောင်းနဲ့ ဘယ်လိုမှ အဆင်မပြေဘူး၊ အဲ့ဒါကြောင့်မို့ ဌာနဆိုင်ရာတွေကို စာနဲ့ ဖြန့်ချိပေးတယ်၊ ခွင့်မပြုမယ် ပြုမယ်တော့ မသိသေးဘူး။ ဒါပေမယ့် ရှစ်လပိုင်း တရက်နေ့ကိုတော့ စပြီးတော့ တသောင်းခွဲ ကောက်မှာ အမှန်ပဲ၊မြင်းလှည်းခ ”လို့ ပြောပါတယ်။
မြင်းလှည်း ခရီးစဉ်မှာ နိုင်ငံခြားသားခရီးသွားနှစ်ဦးသာ စီးနင်းနိုင်ပြီး ပြည်တွင်းခရီးသွားတွေ စီးနင်းပါက ငါးဦးအထိ စီးနင်းခွင့်ပြုထားပါတယ်။ အင်းဝ ဒေသအတွင်း ပြေးဆွဲနေတဲ့ မြင်းလှည်းအစီးရေ ၂၀၀ကျော်ရှိတယ်လို့ အင်းဝမြင်းလှည်းအသင်းက သိရပါတယ်။
67404365_918540325177398_6826392351355699200_o
67355098_918541305177300_4933377866306945024_o
67390570_918540125177418_1765676581692375040_o
67455822_918541148510649_3388080561993023488_o
67639052_918541375177293_1962173607522074624_o
67774392_918540061844091_8500413682411372544_o
68313447_918539975177433_3944064035510550528_o

သတင်း- ထိန်ထိန်လင်း
DVB

0 comments:

Post a Comment