Tuesday, July 30, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်တွင် သီးခြားဆွေးနွေးပြောဆိုရန်မရှိဟု တပ်ကိုယ်စားလှယ်ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေ ပူးပေါင်းကော်မတီအစီရင်ခံစာနဲ့ ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့အနေနဲ့ ဆွေးနွေးဖို့မရှိသလို ဒီကိစ္စ သီးခြားပြောစရာမရှိဘူးလို့ ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် တပ်မတော်သားအစုအဖွဲ့ အနေနဲ့ မူလက ဆွေးနွေးဖို့ ၇၈ ဦး စာရင်းပေးထားတာကနေ ဇူလိုင် ၂၉ ရက်နေ့မှာ မဆွေးနွေးကြတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်လာတာပါ။
ဒါနဲ့ပတ်သက်လို့ တပ်မတော်သားအစုအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ်မောင်မောင်က “လွှတ်တော် အစီအစဉ်တိုင်းပါပဲ။ အားလုံးသတင်းတွေမှာ ပါပြီးသားပဲလေ။ ကျနော်တို့ အစီအစဉ် တိုင်းပဲ ဆက်ကြည့်ပါ။ သီးခြားပြောစရာမရှိပါဘူး။ ကျနော်တို့ အနေနဲ့ကတော့ ကျနော်တို့ အစီအစဉ်တိုင်း ဆက်လုပ်မှာဖြစ်တယ်။ အာဂျင်ဒါမှာပါတယ်လေ ကျနော်တို့ မဆွေးနွေးဘူး ဆိုပြီးတော့ ” လို့ မီဒီယာတွေကို ပြောပါတယ်။
အခုလို တပ်မတော်သားအစုအဖွဲ့က ဆွေးနွေးဖို့ အမည်စာရင်းပေးပြီး မဆွေးနွေးတော့တဲ့ အပေါ်မှာ အန်အယ်လ်ဒီ ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အခုလို သုံးသပ်ပါတယ်။
“အဲ့ဒီတော့ အခုလောလောဆယ်အနေအထားမျိုးနဲ့ ပြန်ပြီးမဆွေးနွေးတော့ဘူးဆိုတဲ့ အနေအထားမျိုးက ဘာတခုဖြစ် သွားလဲဆိုတော့ အထူးသဖြင့်တော့ အချိန်အားဖြင့်ဆိုရင်လည်း အများကြီးသက်သာသွားတယ်။ နောက်ပြီးတော့ အထူး အခုအခံ။ အရင်တုန်းကတော့ လူတွေက စိုးရိမ်နေကြတာလေ။ မီဒီယာမှာလည်း စိုးရိမ်သွားတာ။ အင်မတန်မှ အကြိတ်အနယ် အခုအခံလုပ်ကြလိမ့်မလားပေါ့။ အဲ့ဒီလို စိုးရိမ်ကြတယ်။ အခုက ပြန်ပြီးတော့ နုတ်ထွက်သွားတယ်ဆိုတော့ အဲ့ဒီ လိုအခြေအနေမျိုး မပေါ်ပေါက်လာနိုင်တော့ဘူးလို့တော့ မှန်းဆလို့ ရသွားတာပေါ့ ” လို့ ပြောပါတယ်။
ပြင်ဆင်ရေးပူးပေါင်းကော်မတီက ပြင်ဆင်၊ ဖြည့်စွက်၊အကြံပြုချက်တွေပါတဲ့ အချက်ပေါင်း ၃၇၀၀ ကျော်ရှိတဲ့ အစီရင်ခံ စာအပေါ်  ဇူလိုင် ၃၀ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စတင်ဆွေးနွေးနေကြပါတယ်။ ဆွေးနွေးတဲ့ ကိုယ်စားလှယ်ဦးရေ ၂၁ ဦးရှိပြီး တပ်မတော်သား ကိုယ်စားလှယ်တွေ မပါဝင်ပါဘူး။
မနေ့ညနေပိုင်းမှာပဲ ပူးပေါင်းကော်မတီမှာပါတဲ့ တပ်မတော်သားအစုအဖွဲ့ထဲက အဖွဲ့ဝင် အဖြစ် တပ်မတော်သား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီး သန့်ဇော် အစား ဒုတိယဗိုလ်မှူးကြီး သန်းဦးလွင်နဲ့ အစားထိုးတာဝန်ပေး ကြောင်းထုတ်ပြန်ထားပါတယ်။
DVB

0 comments:

Post a Comment