Tuesday, July 30, 2019

တောင်ကိုရီးယားက မြန်မာရေလုပ်သားများ တရားဝင် စတင်ခေါ်ယူ၊ ရေလုပ်သား ၉ ဦး ပထမဆုံးအကြိမ်အဖြစ် သွားရောက်လုပ်ကိုင်ခွင့်ရ

Image may contain: 2 people, outdoor
တောင်ကိုရီးယားနိုင်ငံတွင် မြန်မာရေလုပ်သား ၉ ဦး တရားဝင် ၂၀၁၉ ခုနှစ် ဇွန်လမှစတင်ကာ E10 ဗီဇာဖြင့် စတင်အလုပ်လုပ် ကိုင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောသည်။

“ပြီးခဲ့တဲ့ ၆ လပိုင်းကတည်းက ရေလုပ်သား (၉)ယောက် ပထမဆုံးအကြိမ်ရောက်ပါတယ်၊တောင်ကိုရီးယားနိုင်ငံက ဒယ်အွန်းကုမ္ပဏီနဲ့မြန်မာနိုင်ငံက Aries Marine ကုမ္ပဏီတို့ ချိတ်ဆက်ပြီးစေလွှတ်ခဲ့တာဖြစ်ပါတယ်၊ကျန်တဲ့ (၁၁)ယောက်က သင်တန်းတွေတက်နေပါတယ်”ဟု မြန်မာအလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောသည်။
တောင်ကိုရီးယားနိုင်ငံရှိ ဒယ်အွန်းကုမ္ပဏီ နှင့် မြန်မာနိုင်ငံမှ Aries Marine ကုမ္ပဏီတို့ ချိတ်ဆက်ကာ ပထမအသုတ်အဖြစ် ရေလုပ်သား ၂၀ ဦးအနက် ၉ ဦးကို စတင်ပို့ခဲ့ခြင်းဖြစ်ပြီး၊ ကျန် (၁၁) ဦးကိုလည်း ထပ်မံပို့သွားမည်ဖြစ်ကြောင်း၊ Aries Marine ကုမ္ပဏီမှာ ၂၀၀၈ ခုနှစ်ကတည်းက အလုပ်ခေါ်စာ( Demand Letter) ကို အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီး သက်ဆိုင်ရာအစိုးရဌာနများက စစ်ဆေးပြီးနောက် အလုပ်သမားများကို စေလွှတ် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ Aries Marine ကုမ္ပဏီ နှင့် ကိုရီးယားနိုင်ငံမှ ဒယ်အွန်ကုမ္ပဏီ ၊ မြန်မာနိုင်ငံမှ ရွှေဖြိုးသားကုမ္ပဏီနှင့် တောင်ကိုရီးယားနိုင်ငံမှ ဂူလုံးဖိုကုမ္ပဏီတို့က ချိတ်ဆက်၍ မြန်မာနိုင်ငံမှ ရေလုပ်သားများ တောင်ကိုရီးယားသို့ ပိုဆောင်မှုကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြန်မာရေလုပ်သားများအနေဖြင့် တောင်ကိုရီးယားနိုင်ငံတွင် E10 ဗီဇာ ဖြင့် အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ ရွှေဖြိုးသာကုမ္ပဏီနှင့် တောင်ကိုရီးယားနိုင်ငံ ဂူလုံးဖိုကုမ္ပဏီတို့သည် ဇူလိုင်လ (၇) ရက်နေ့တွင် (MOU)နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး၊ ပထမအသုတ်အဖြစ် ရေလုပ်သား ၃၀ စေလွှတ်မည် ဖြစ်ကာ၊ ရေလုပ်သားပို့ဆောင်မှု ၀န်ဆောင်ခအဖြစ် ဒေါ်လာ(၁၀၀၀) ယူကာ ရေလုပ်ငန်းနှင့် ကိုရီးယားစကား ကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
့“ကျွန်မတို့ ကုမ္ပဏီက ရေလုပ်သားတွေမလွှတ်ရသေးဘူး၊ အခုမှ အင်တာဗျူးပြီးတာ ၊ စာချုပ်ချုပ်တာက အလုပ်ဖို့အတွက် MOU ထိုးကြတာပါ၊ အင်တာဗျူးပြီးရင် ကိုရီးယားသင်တန်းတက်ရမယ်၊ပြီးရင် ရေလုပ်ငန်းနဲ့ သက်ဆိုင်တဲ့သင်တန်းတွေ တက်ရမယ်၊ ၀န်ဆောင်ခကတော့ အပြီးစီး ဒေါ်လာ(၁၀၀၀) ယူပါတယ် ”ဟု ရွှေဖြိုးသာကုမ္ပဏီမှ မန်နေဂျင်ဒါရိုက်တာ ဒေါ်သင်းသင်းဝင်းက ပြောသည်။
မြန်မာနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ ရေလုပ်သားအဖြစ် လုပ်ကိုင်သူများအနေဖြင့် ကိုရီးယားနိုင်ငံ၏ အလုပ်သမားဥပဒေ ခံစားခွင့်တွင် အကျုံးမ၀င်သော်လည်း ကိုရီးယားနိုင်ငံ၏ ရေလုပ်ငန်းဥပဒေအရ အလုပ်သမားဥပဒေကဲ့သို့ အလုပ်ချိန်၊ လုပ်ခလစာ၊ အနားခြင်းများပါရှိကြောင်း၊ ငါးဖမ်းသဘောင်္ပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရပါကလည်း တိုင်ကြားရေး စင်တာများရှိနေပြီး တောင်ကိုရီးယားနိုင်ငံ ပင်လယ်ပြင်နှင့်ရေလုပ်ငန်းဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်ပေးကြောင်း မြန်မာအလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောသည်။

“E10 နဲ့ ခေါ်ပဲ ခေါ်ခေါ် ဘာနဲ့ပဲခေါ်ခေါ် မိမိဘက်ကလည်း အလုပ်ကို တုံးတိုက်တိုက် ကျားကိုက်ကိုက် အားသွန်ခွန်စိုက် လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုက ရှိရပါမယ်။ တိုင်းတပါးမှာ အလုပ်ကြမ်းသွားလုပ်တာဖြစ်လို့ သွားမယ့်သူဟာ မိမိအခြေအနေမိမိသေချာသုံးသပ်ပြီးမှ ရှေ့တိုးသင့်ပါတယ်။ ကိုရီးယားဘက်ကတော့ ခိုင်မာတဲ့ ဥပဒေတွေ ရှိတာမို့ နစ်နာမှုဖြစ်လာရင် ဥပဒေရဲ့အကာကွယ်ကို ဘောင်တွင်းကနေ အရယူနိုင်ပါတယ်”ဟု မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ(ကိုရီးယား) လုပ်ငန်းကော်မတီ ဥက္ကဌ ကိုစိုးမိုးသူက ပြောသည်။
လက်ရှိအချိန်တွင် ကိုရီးယားနိုင်ငံသို့ ရေလုပ်သားအဖြစ်လာရောက်လုပ်ကိုင်နေသည့် နိုင်ငံများတွင် အင်ဒိုနီရှား ရေလုပ်သား အများဆုံးဖြစ်နေပြီး၊ ဒုတိယ ဗီယက်နမ်နိုင်ငံ၊ တတိယ တရုတ်နိုင်ငံများမှ လုပ်ကိုင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ၂၀၁၉ ခုနှစ်အတွင်း စတင်ကာ သွားရောက်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကိုရီယားနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် ရေလုပ်သား ၉ ဦးကိုလည်း ငါးဖမ်းသင်္ဘောပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိမရှိ မြန်မာအလုပ်သမားသံအရာရှိမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းလျက်ရှိကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် EPS စနစ်ဖြင့်လာရောက် လုပ်ကိုင်နေသူ သုံးသောင်းငါးထောင် (၃၅၀၀၀) ခန့်ရှိနေကာ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေကြပြီး၊ တစ်လ၀င်ငွေ ကျပ်(၁၅)သိန်းခန့်ရရှိနေပြီး၊ ၂၀၁၉ ခုနှစ်မှ ဇွန်လမှစတင်ကာ ရေလုပ်သားများစတင်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment