Wednesday, July 31, 2019

ထူးကဲဒီရေတက်ချိန် ရန်ကုန်တွင် မိုးများနိုင်သဖြင့် ရေကြီးမည့်အန္တရာယ်ရှိ

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် ယခုသီတင်းပတ်အတွင်း မိုးများနိုင်ရာ ထူးကဲဒီရေတက်ချိန်နှင့် တိုက်ဆိုင်နေ၍ ရေကြီးရေလျှံမှုအန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးပြောကြားသည်။
မုတ်သံလေအားကောင်းလာမည့်အပြင် မုန်တိုင်းအကြွင်းအကျန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးများနိုင်ကြောင်း၊ ယင်းကာလအတွင်း ထူးကဲဒီရေတက်ချိန်ဖြစ်နေသည့်အတွက် ရေကြီးရေလျှံမှုအန္တရာယ်ရှိနေသည်ကို သတိပြုရန်လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။
ရန်ကုန်တိုင်းအတွင်း သြဂုတ်လ ၁ ရက်နေ့မှ ၄ ရက်နေ့အတွင်း ထူးကဲဒီရေတက်နိုင်သည့်အတွက် မြစ်ရေဝင်နိုင်သည့် မြို့နယ်များတွင် သဲအိတ်များကြိုတင် ချထားခြင်း၊ ရေမြောင်းများကိုရှင်းလင်းခြင်းနှင့် ရေတားနံရံများတည်ဆောက်ခြင်းစသည့်တို့ကို ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ရန်ကုန်မြစ်၏ အမြင့်ဆုံးထူးကဲဒီရေသည် 22.8 ft ဖြစ်ပြီး ယခုထူးကဲဒီရေအမြင့်ဆုံးအမှတ်သည် ၂၂ ပေကျော်အထိတက်လာနိုင်ကာ အမြင့်ဆုံးအချိန်မှာ သြဂုတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့ ညနေပိုင်းတို့ဖြစ်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေတသည့် အပူပိုင်းမုန်တိုင်း Wipha သည် ဟိုင်နန်ကျွန်းပေါ်ဖြတ်သန်းလျက်ရှိပြီး နောက် ၂၄ နာရီ အတွင်း တရုတ်- ဗီယက်နမ်နယ်စပ်ကုန်းတွင်းပိုင်းကို ဖြတ်သန်းကာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းသို့ ရွေ့လျားနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသဌာနများက ခန့်မှန်းထားသည်။

0 comments:

Post a Comment