Wednesday, July 31, 2019

အမေရိကန်သံရုံးကို သာသနာညှိုးနွမ်းစေမှုဖြင့် တရားစွဲမည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်ပုံပါ ပန်းချီကားနှင့် ပတ်သတ်၍ ပန်းချီဆရာနှင့် အမေရိကန်သံရုံးကို သာသနာ ညှိုးနွမ်းစေမှုဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်သွားမည်ဖြစ်ကြောင်း မကွေးကျောင်း တိုက်ဆရာတော် ဦးပါမောက္ခက The Voice သို့ မိန့်သည်။
လေထုညစ်ညမ်းမှုကို သရုပ်ဖော်ထားသည့် အဆိုပါ ပန်းချီကားတွင် ဗုဒ္ဓရုပ်ပွားတော်ပုံကို နှာခေါင်းစည်းအုပ်ထားသည့် ပုံဖြင့် ရေးဆွဲထားသည့် ယင်းပန်းချီကားပုံကို အမေရိကန်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာတွင် ဇူလိုင်လ ၂၆ ရက်နေ့က တင်ခဲ့ခြင်းဖြစ်ကာ ဝေဖန်ပြောဆိုသည့် မှတ်ချက်များ များခဲ့သည့်အတွက် ယင်းပုံကို ပြန်ဖျက်လိုက်ပြီဖြစ်သည်။

အမေရိကန်သံရုံးတာဝန်ရှိသူများ အပါအဝင် ယင်းပန်းချီရေးဆွဲသည့် ပန်းချီဆရာကို ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် အမေရိကန်သံရုံးတည်ရှိရာ ကမာရွတ်မြို့နယ် တရားရုံးတွင် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် တရားရုံးဦးတိုက်လျှောက်ကာ အမှုဖွင့်သွားမည်ဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်သည်။

“အမေရိကန်သံအမတ် စကော့မာစီရယ်ကော၊ ပန်းချီဆွဲတဲ့ ပန်းချီဆရာကော၊ ဒီပန်းချီကားကို လိုင်းပေါ်ကို တင်တဲ့သူတွေကော အားလုံးကို အမှုဖွင့်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယင်းသို့ သရုပ်ဖော်မှုသည် ဘာသာရေးအရ စော်ကားသည်ဟု ယူဆက အစိုးရကလည်း တရားဝင်ကန့်ကွက်ခဲ့ခြင်းလည်း မရှိသည့်အတွက် ယခုလို သံရုံးကို တရားစွဲရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်မိန့်သည်။

အဆိုပါ ပန်းချီကားနှင့် ပတ်သတ်၍ အမေရိကန်သံရုံးကလည်း ဖြေရှင်းချက်ပေးထားပြီး ဘာသာရေးနှင့် ယဉ်ကျေးမှုကို စော်ကားသည့် သဘောမရှိဘဲ မြန်မာလူငယ်ပန်းချီအနုပညာသမားများအနေဖြင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းများအတွင်းရှိ သဘာဝပတ်ဝန်းကျင်၊ ကျားမအခြေပြု အကြမ်းဖက်မှု ငြိမ်းချမ်းရေး ကိစ္စရပ်တို့နှင့် စပ်လျဉ်းသော အတွေးအမြင်များကို ဖော်ကျူးရေးဆွဲထားခြင်းကို ပြသရန်အတွက် ယင်းပန်းချီပြပွဲကို ပံ့ပိုးပေးခြင်းဖြစ်ကြောင်း ဖြေရှင်းထားသည်။

မြန်မာလူငယ်များ၏ အသံများကို ဖော်ကျူးထားသည့် “Insight Out” ပန်းချီပြပွဲကို အမေရိကန်သံရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယင်းပန်းချီကားများကို လူမှုကွန်ယက်တွင် တင်ခဲ့ခြင်းဖြစ်သည်။

တရားစွဲခြင်း ခံရတော့မည့် ပန်းချီကားရေးဆွဲထားသူ၏ အမည်ကိုမူ ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။
The Voice

0 comments:

Post a Comment