Monday, July 29, 2019

ကျူးကျော်များကို အုပ်ချုပ်ရေးမှုးများ က အိမ်ထောင်စုစာရင်း ထုတ်ပေးလိုက်ပါက မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုများဖြစ်ပွားနိုင်

Image may contain: 2 people
နိုင်ငံတော်ပိုင်မြေများတွင် နေသည့် ကျူးကျော်သူများကို အုပ်ချုပ်ရေးမှုးများအနေဖြင့် အိမ်ထောင်စုစာရင်းများ ထုတ်ပေးလိုက်မည်ဆိုပါက နောင်တွင်ထိုမြေပိုင်ဆိုင်မှုအတွက် အငြင်းပွားမှုများ ဖြစ်ပွားနိုင်သည့်အတွက် မြေပိုင်ဆိုင်မှု ခိုင်မာသည့် နေရာများကိုသာ အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပုံစံ (၆၆/၆)ကိုထုတ်ပေးခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ဇူလိုင် ၂၉ ရက်တွင်ပြောသည်။

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်းက မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာ အုပ်စုအတွင်းရှိ စံသမာဓိ၊ မြဲမြံအောင်နှင့် ဂုံညင်းနီ ရပ်ကွက်များရှိ ပြည်သူများအတွက် နေထိုင်မှုအထောက်အထား အခက်အခဲကြောင့် မှတ်ပုံတင် မရရှိခြင်းအား မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့မှုအား ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မွေးရာပါနိုင်ငံသား များအနေနှင့် မှတ်ပုံတင်တစ်မျိုးမျိုး ကိုင်ဆောင်ရမည်၊ ထုတ်ပေးရမည်ဟု ခံယူထားသည့် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အနေနှင့်လည်း EID စနစ်နှင့် National ID ကို Electronic စနစ်ဖြင့် အတုအပပြု၍မရအောင် ထပ်ပြီး Duplication ပြုလုပ်မရရန် စီစဉ်ဆောင်ရွက် နေကြောင်း၊ လက်ရှိအနေအထားအရ ထိုဒေသရှိ နေထိုင်သည့်ပြည်သူများ မဲပေးခွင့်ရရှိရန်၊ လိုအပ်သည့် ယာယီအိမ်ထောင်စု စာရင်းများရရှိရန် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ပျဉ်းမပင်ကျေးရွာအုပ်စု အရပ်အခေါ် စံသမာဓိရပ်ကွက်၊ မြဲမြံအောင်ရပ်ကွက်နှင့် ဂုံညင်းနီရပ်ကွက်များသည် ပျဉ်းမပင်စက်မှုဇုန်အတွင်း ကျူးကျော်ရပ်ကွက်ဖြစ်ကြောင်း၊ သို့ရာတွင် မွေးရာပါ နိုင်ငံသား များ မဲဆန္ဒပေးနိုင်ခွင့် မဆုံးရှုံးစေနိုင်ဖို့အတွက်ကို ရွေးချယ် တင်မြှောက်ရေး ကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပူးပေါင်းပြီး မဲဆန္ဒပေးခွင့် အားလုံးရရှိအောင် ဆောင်ရွက်နေသည်။
ဖြေလျှော့သည့် အနေဖြင့်လည်း ယာယီအိမ်ထောင်စုစာရင်းများ ထုတ်ပေးရန် မိမိတို့ သက်ဆိုင်ရာ ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ဆောင်ရွက်ပြီးပါက၎င်းတွင် နေထိုင်သည့် လူတစ်ဦးချင်းစီကိုလည်းပဲ မှတ်ပုံတင်များ ဆက်လက်စိစစ်ပြီးမှ ဥပဒေနှင့်အညီ ထုတ်ပေး သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။
ထိုနေရာတွင် နေထိုင်သူအားလုံး၏ မိဘ၊ ဘိုးဘွား၊ မူလပြောင်းရွှေ့လာသော အရပ်ဒေသများမှာ မိဘ၊ ဘိုးဘွားများ ရှိနိုင်ကြောင်း ၎င်းတို့၏ မှတ်ပုံတင်များလည်း ရှိနိုင်ပြီး အိမ်ထောင်စုစာရင်းများ ရှိနိုင်ကြောင်း၊ ထိုသို့ရှိသည့် စာရင်းများကို တင်ပြနိုင်ပြီး၊ အထောက်အထားများကို ပြောကြားနိုင်မည်ဆိုပါက လက်ရှိတွင် မိမိတို့ သက်ဆိုင်ရာ မြို့နယ်အချင်းချင်း ချိတ်ဆက်ပြီး ထိုဒေသရှိ မြို့နယ်အချင်းချင်း ချိတ်ဆက်ပြီး လက်ရှိ ကျူးကျော် ရပ်ကွက်တွင်နေသည့် ပုဂ္ဂိုလ်များကို မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးနိုင်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
The Ladies News

0 comments:

Post a Comment