Wednesday, July 31, 2019

လူထွက်ပြီး အိမ်ထောင်ပြုသည့် အမျိုးသားကို ရဟန်းတစ်ပါးက သတ်

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (က) ရပ်ကွက်ရှိ စစ်ကိုင်းစာသင်တိုက်တွင် လူထွက်ပြီး အိမ်ထောင်ပြုခဲ့သည့် အမျိုးသားတစ်ဦးကို ရဟန်းတစ်ပါးက သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့သူ ဖိုးအေး (၂၅) နှစ်မှာ ယခင်က ရဟန်းဝတ်ခဲ့သူဖြစ်ပြီး ဓမ္မစရိယတန်းကို ဦးပညာသီရိနှင့်အတူဖြေဆို၍ လွန်ခဲ့သည့် လေးနှစ်က လူထွက်ကာ ဇာတိမြေဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်သို့ ပြန်၍ အိမ်ထောင်ပြုခဲ့သည်။

ဖိုးအေး အိမ်ထောင်ပြုသည်ကို ဦးပညာသီရိမှ မကျေနပ်သဖြင့် အလုပ်အကိုင် ရှာပေးမည်ဟု ပြောဆိုကာ စစ်ကိုင်းစာသင်တိုက်သို့ ပြန်ခေါ်ခဲ့ပြီးနောက် ဇူလိုင် ၂၈ ရက်နေ့က ဖိုးအေးအား သတ်ရန် သားလှီးဓားကို စံပြဈေးတွင် သွားဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းနောက် ဇူလိုင် ၃၀ ရက် နံနက် ၃ နာရီခန့်တွင် ဦးပညာသီရိမှ ခုတင်အောက်တွင် သိမ်းထားသည့် သားလှီးဓားကိုယူ၍ ခြင်ထောင်အတွင်း အိပ်ပျော်နေသော ဖိုးအေး၏ လည်ပင်းကို ဓားဖြင့်လှီးသတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုချက်ပေးခဲ့သဖြင့် ဝါတော် သုံးဝါ၊ အသက် ၂၄ နှစ်ရှိ ဦးပညာသီရိ (ခ) ကိုဖြိုးအား သိက္ခာချ လူဝတ်လဲစေပြီး သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment