Wednesday, July 31, 2019

မန္တလေးတွင်​ ညဘက် ဆိုင်ကယ်နှင့်လူနှစ်ဦးအား ပြိုင်ကားဖြင့်တိုက်ခဲ့သောအမှု ပုဒ်မ-၃၀၄(က) ဖြင့်စွဲချက်တင်၊ ပုဒ်မ-၂၇၉ အတွက် တရားခံကိုစစစ်

Image may contain: 5 people, people sitting
မန္တလေးမြို့ ကျုံး​တောင်​ဘက်​ ၇၈ လမ်းနှင့်၂၆ လမ်းထောင့်မီးပွိုင့်တွင် နိုဝင်ဘာ ၈ ရက်​နေ့ကဖြစ်ပွားခဲ့သည့် လူနှစ်ဦးအား ပြိုင်​ကားဖြင့်​တိုက်​မိပြီး ​သေဆုံးခဲ့သောအမှုကို ယနေ့ဇူလိုင် (၃၁) ရက် မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ပုဒ်မ-၃၀၄(က) အမှုကို စွဲချက်တင်ခဲ့ပြီး ပုဒ်မ-၂၇၉ အမှုအတွက် တရားခံကို စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
"တရားလိုနဲ့ တရားလိုပြသက်သေတွေကိုစစ်ဆေးခဲ့တယ်။ ပုဒ်မ-၃၀၄(က) အရ တရားစွဲတဲ့အဖွဲ့အစည်းက ပုဒ်မတက်လာတယ်။ တက်လာတဲ့အပေါ်မှာ တရားလိုနဲ့ တရားလိုပြသက်သေတွေရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ဒီပုဒ်မနဲ့ဖြေရှင်းစေသင့်တယ်။ ငြိစွန်းတဲ့အချက်တွေပေါ်ပေါက်တယ်လို့ ကျင့်ထုံးအရ တွေ့ရှိရလို စွဲချက်တင်ခဲ့ခြင်းဖြစ်ပါတယ်" ဟု အောင်မြေသာစံမြို့နယ် သတင်းနှင့်ပြန်ကြားရေး အရာရှိ မမြင့်မြင့်ချစ်ကျော်ကပြောကြားခဲ့သည်။

ယနေ့ရုံးချိန်းတွင် တရားခံဖြစ်သူ သန်းထက်အောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၇၉ အမှုအတွက် စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၄(က) အမှုအတွက် မြို့နယ်တရားသူကြီးက စွဲချက်အမိန့်ချမှတ်ခဲ့ရာ ၎င်းမှဝန်ခံခြင်းမရှိဘဲယာဉ်မောင်းစဉ် ရေသန့်အောက်သို့ကျသွားပြီး ကားဘရိတ်သို့ညှပ်သွားသဖြင့် ဘရိတ်နင်းစဉ် တိုက်မိခြင်းဖြစ်ကြောင်း တရားရုံးသို့ ထွက်ဆိုသွားခဲ့သည်။
"ဒါကတရားခံကသူရဲ့အခွင့်အရေးကိုပြောတာပါ။ ကျွန်တော်တို့က ဒါနဲ့ပတ်သက်ပြီး ပြောစရာတွေအများကြီးရှိပါတယ်။ တရားရုံးမှာဆက်လက်ရင်ဆိုင်သွားမယ်။ ၃၀၄(က)နဲ့ပတ်သက်ပြီး နောက်တစ်ပတ်မှာ တရားခံကိုစစစ်သွားမှာပါ" ဟု တရားလိုဘက်မှရှေ့နေအဖြစ်လိုက်ပါပေးသူ အထက်တန်းရှေ့နေ ဦးရဲရင့်ဝေက ပြောကြားခဲ့သည်။
ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)အမှုအတွက် တရားလိုဖြစ်သူ ရဲအုပ်သန်းဇော်ဦးအပါအဝင်(၁၉)ဦးကိုလည်းကာင်း၊ ရာဇသတ်ကြီးပုဒ်မ - ၂၇၉ အမှုတွင် တရားလိုဖြစ်သူ ရဲအုပ်စိုးဝင်းသန်းအပါအဝင် တရားလိုပြသက်သေ(၁၃)ကိုလည်းကောင်း စစ်ဆေးခဲ့ပြီး ယနေ့တရားရုံးချိန်းတွင် တရားခံဘက်မှ အမှုနှစ်ခုအတွက် တရားခံပြသက်သေ(၅)ဦးတင်ပြထားခဲ့ကာ နောက်တစ်ပတ်ရုံးချိန်းကို သြဂုတ်လ (၁၂) ရက်နေ့သို့ ချိန်းဆိုခဲ့သည်။

နိုင်ဝင်ဘာ ၈ ရက် ည ၁၂ နာရီအချိန်ခန့်က သန်းထက်အောင် အသက် (၂၆) နှစ်ေ​မာင်းနှင်လာသော MDY ၆H/----- Toyot lexus Sallon အနီရောင်ပြိုင်ကားယာဉ်သည် ၇၈ လမ်းအတိုင်း တောင်မှမြောက်သို့မောင်းနှင်လာစဉ် ၂၆ လမ်းမီးပွိုင့်အရောက် အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့တွင် မီးနီရပ်စောင့်နေသော မောင်လွင်မင်းသန့် အသက် (၂၃) နှစ်၊ ဥပဒေနောက်ဆုံးနှစ် (ရတနာပုံတက္ကသိုလ်)၊ မောင်ကျော်ဇင်သက် အသက်(၂၆) နှစ် သဘောင်္သား တို့​မောင်းနှင်​လာသည့်​ Honda Click-125အနက်ရောင်ဆိုင်ကယ်နောက်ပိုင်းအား ၀င်တိုက်ပြီး ဆိုင်ကယ်မှာ ယာဉ်နှင့်အတူချိတ်ပါသွားကာ ၂၆လမ်းမြောက်ဘက်ရှိ ယာဉ်ထိန်းရဲမီးပွိုင့်အဆောက်အအုံအား ထပ်မံတိုက်မိခဲ့ကာ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ မောင်လွင်မင်းသန့်နှင့် နောက်မှလိုက်ပါသူ မောင်ကျော်ဇင်သက်တို့မှာ သေဆုံးသွားခဲ့​သောအမှု ဖြစ်​သည်​။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားလိုဖြစ်သူ ရဲအုပ်သန်းဇော်ဦးက ရာကြီးမှုအမှတ်- ၁၆၉၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)ဖြင့်လည်းကောင်း၊ တရားလိုဖြစ်သူ ရဲအုပ်စိုးဝင်းသန်းက ရာကြီးမှုအမှတ်- ၁၆၉၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉လည်းကောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်​ဘာလ ၇ ရက်​​နေ့က အောင်မြေသာစံမြို့နယ် တရားရုံးသို့ တရားစွဲတင်​ခဲ့​ကြောင်း သိရသည်။
Image may contain: 3 people
Image may contain: 4 people

မိုးမခ
Isee Media

0 comments:

Post a Comment