Wednesday, July 31, 2019

ဖွဲ့စည်းပုံအသစ်တစ်ခုရေးဆွဲနိုင်ရန် အစိုးရနှင့်ကာကွယ်ရေးဦးစီးချုပ်အကြား ယုံကြည်မှုဦးစွာရယူရမည်ဟုဆို

ဖွဲ့စည်းပုံအသစ်တစ်ခုရေးဆွဲနိုင်ရန် အစိုးရနှင့်ကာကွယ်ရေးဦးစီးချုပ်အကြား ယုံကြည်မှုဦးစွာရယူရမည်ဟုဆို
၄၅ ဦးကော်မတီ၏ အစီရင်ခံစာသည် ဖွဲ့စည်းပုံပြင်ဆင်ရေးထက် အသစ်တစ်ခုရေးဆွဲရန် ကြိုးစားနေခြင်းဟု မြင်မိပါ၍ ဖွဲ့စည်းပုံအသစ်တစ်ခုရေးဆွဲနိုင်ရန် အစိုးရနှင့် ကာကွယ်ရေးဦးစီးချုပ်အကြား ယုံကြည်မှုကို ဦးစွာယူရမည်ဖြစ်ကြောင်း ကျောက်ဖြူမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

ဇူလိုင်လ ၃၀ ရက်ကကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့တွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။
“အစီရင်ခံစာတစ်ခုလုံးမှာ ဖော်ပြပါရှိတဲ့အချက်တွေနဲ့နောက်ဆက်တွဲဇယားမှာဖော်ပြတဲ့ ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်တွေ၊ မှတ်ထားတင်ထားချက်တွေ ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေကို ကြည့်ရင် ၂၀၀၈ ဖွဲ့စည်းပုံကိုအခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုရေးဖို့ ကြိုးစားကြံစည်နေတယ်လို့ မြင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဖို့ဆိုရင် ကျွန်တော်သဘောတူပါတယ်။ ဒါပေမဲ့ ဒီပုံစံနဲ့တော့ အဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုတော့လက်ရှိဖွဲ့စည်းပုံအရ အာဏာရထားတဲ့ကာကွယ်ရေးဦးစီးချုပ်ရယ်နဲ့ လက်ရှိအစိုးရအကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုရေးဆွဲဖို့ ယုံကြည်မှုကိုဦးစွာတည်ဆောက်ပြီးတော့ ဆုံးဖြတ်ချက်ယူရမှာဖြစ်ပါတယ်” ဟု ကျောက်ဖြူမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
ထို့အပြင် တိုင်းရင်းသားများပါ ပါဝင်ပြီး အာဏာရအစိုးရနှင့်နိုင်ငံရေးအရ တန်းတူညီတူဆွေးနွေးကာ တိုင်းရင်းသားပေါင်းစုံပါဝင်သည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုကြောင်း ၄င်းက ဆက်ပြောသည်။
ယင်းသို့တည်ဆောက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုကို အမှန်တကယ်လိုအပ်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုကို အုပ်ချုပ်သူများ၏အကျိုးစီးပွားအတွက် မဟုတ်ရဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားအတွက် မြေပြင်အခြေအနေနှင့်ကိုက်ညီသည့်ဥပဒေတစ်ခုဖြစ်စေရန် ရေးဆွဲရမည်ဖြစ်ကြောင်း ၄င်းပြောပြချက်အရ သိရသည်။
ဖွဲ့စည်းပုံအသစ်တစ်ခုရေးဆွဲနိုင်ရန် အစိုးရနှင့်ကာကွယ်ရေးဦးစီးချုပ်အကြား ယုံကြည်မှုဦးစွာရယူရမည်ဟုဆို

နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment