Tuesday, July 30, 2019

တက္ကသိုလ်နှင့်ကျောင်း၊ ရုံးဌာနများတွင် အဂတိဖြစ်စေမည့် လက်ဆောင်ပစ္စည်း ပေးခြင်း၊ ယူခြင်းကို ခွင့်ပြုမထားဟု ဝန်ကြီးပြော

လက်ဆောင် ပစ္စည်းပေးခြင်း၊ ယူခြင်း မပြုလုပ် ခြင်းသည် လာဘ်ပေးလာဘ်ယူ ကိစ္စမဖြစ်ပွားရေး အဓိက အလေ့ အကျင့်ကောင်း တစ်ခုအဖြစ် ဆောင်ရွက်ခြင်းပင် ဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောသည်။

ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်နှင့် ကျောင်းများ၊ ရုံးဌာနများတွင် လာဘ်ပေး လာဘ်ယူကစ၍ အဂတိဖြစ်စေ မည့် လက်ဆောင်ပစ္စည်း ပေးခြင်း၊ ယူခြင်းများကို ခွင့်ပြုမထား ကြောင်း ဝန်ကြီးကဆိုသည်။

‘‘လာဘ်ပေးလာဘ်ယူ ဆို တာသည် ပေးခြင်း၊ ယူခြင်းကနေ စခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ လို့ ကျွန်တော်တို့ရဲ့ ကျောင်း တွေမှာ၊ တက္ကသိုလ်တွေမှာ၊ သိပ္ပံ တွေမှာ၊ ရုံးတွေ၊ ဌာနတွေမှာ မည်သည့် လက်ဆောင်ပစ္စည်း ပေးခြင်း၊ ယူခြင်းမှခွင့်မပြုပါဘူး။ မည်သည့်ငွေကြေးပေးခြင်း၊ ယူ ခြင်းကိုပါ မပြုလုပ်ဖို့ ကျွန်တော်တို့ တွန်းအားပေးနေပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။
ဇူလိုင် ၂၉ ရက်က နေပြည် တော်ရှိ ပညာရေးဝန်ကြီးဌာန၌ အဂတိကော်မရှင်က ပညာရေး ဝန်ကြီးဌာနသို့ အခြေခံပညာအလယ်တန်းအဆင့် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာ ပေးစာစောင် ဆရာကိုင်အုပ်ရေ ၄၀,၀၀၀ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက ထည့် သွင်းပြောကြားခြင်းဖြစ်သည်။
‘‘အထူးသဖြင့် အဂတိမှာ စတာက ပေးခြင်း၊ ယူခြင်းက စ တာ။ ပထမတော့ လက်ဆောင် ကို ရိုးရိုးလေးပေါ့။ ရိုးရာဓလေ့ ထုံးစံအရ ပေးတယ်ဆိုတာကနေ စပြီးတော့ လိုချင်တဲ့ကိစ္စရပ်တွေ ကို တစ်နည်းအားဖြင့်တော့ လက် ဆောင်ကို အကြီးကြီးပေးပြီး ယူ တာပေါ့။ အဲဒီလိုယူခြင်းအားဖြင့် အဂတိဆိုတာ ပေါ်လာတာ။ လက်ဆောင်ပေးခြင်း၊ ယူခြင်း ကိစ္စရပ်တွေကို ဆရာတို့ ခွင့်ပြုမ ထားဘူး။ ကျောင်းတွေမှာလည်း ခွင့်မပြုထားဘူး။ ဦးစီးဌာနတွေ မှာလည်း ခွင့်ပြုမထားဘူး။ ဝန် ကြီးဌာနတစ်ခုလုံးမှာလည်း ခွင့် ပြုမထားဘူး။ လက်ဆောင်ပေး ခြင်း၊ ယူခြင်း အဂတိလုံးဝခွင့်ပြု မထားပါဘူး’’ဟု ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဖြည့်စွက်ပြောကြားသည်။
 ထို့အပြင် ဝန်ကြီးဌာန အောက်ရှိ ဌာနအားလုံး၌ ရာထူးတိုးနှင့် အရွှေ့အပြောင်းကိစ္စရပ်များနှင့်ပတ်သက်၍လည်း အဂတိနှင့် ဆက်နွှယ်မှုအများဆုံးရှိနေ တတ်သဖြင့် ကျေနပ်မှုမရှိသည့် အချက်များ တိုင်ကြားနိုင်သည် ဟု ဦးကိုလေးဝင်းကဆိုသည်။
‘‘ရာထူးတိုးအပြောင်းအရွှေ့ တွေအတွက် တန်းစီဇယားတွေ လုပ်ပေးထားတယ်။ အဲဒါကို ကျော်သွားတယ်။ မတရားလုပ် တယ်လို့ ယူဆရင် ချက်ချင်းတိုင် လို့ရတယ်။ တိုင်တဲ့စနစ်လည်း ဆရာတို့မှာ ရှိပြီးသား။ ချက်ချင်း တိုင်တာနဲ့ ချက်ချင်းအရေးယူတာ တွေ လုပ်ပေးနေတယ်’’ဟု ညွှန် ကြားရေးမှူးချုပ်က ပြောကြား သည်။
အဂတိလိုက်စားမှုသည် နှစ် ပေါင်းများစွာ ဆောင်ရွက်ခဲ့သော အကျင့်စရိုက်တစ်ခုဖြစ်နေသဖြင့် နေ့ချင်း၊ ညချင်း ၁၀၀ ရာခိုင်နှုန်း လျော့ကျအောင်လုပ်ရန် အခက် အခဲများရှိနေပြီး နောက်ပိုင်း၌ ဆက်လက်ဖြစ်ပေါ်လာပါက အ ဂတိတိုက်ဖျက်ရေးကော်မရှင် အ ပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန များသို့ အမှုအခင်းများ လွှဲပြောင်း ကာ ဆောင်ရွက်စေမည်ဟု ဦးကို လေးဝင်းက ဆိုသည်။
‘‘တစ်နည်းအားဖြင့် အဂတိ နဲ့မကင်းဘူးလို့ ထင်တယ်ဆိုရင် တိုင်လို့လည်းရတယ်။ Complain လည်းလုပ်လို့ရတယ်။ ကျောင်းအဆင့်မှာဆိုရင်လည်း တိုင်ရင် ကျောင်းအုပ်ကြီးက ဖြေရှင်းလို့ရ တာဆို ဖြေရှင်းပေးမယ်။ အလား တူပဲ ရာထူးတိုးတို့၊ အပြောင်းအ ရွှေ့တို့ဆိုတာတွေမှာလည်း မြို့ နယ်ရုံးတွေ၊ ခရိုင်ရုံးတွေ၊ တိုင်းရုံးတွေရှိတယ်’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။
အဂတိကင်းစင်ရေးအခြေခံ သည့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးစာတမ်း မူလတန်းအဆင့် ဆရာကိုင်စာ အုပ်စု ၄၀,၀၀၀ ကို ပြီးခဲ့သည့်နှစ် ကလည်း အဂတိကော်မရှင်က လွှဲပြောင်းပေးဝေခဲ့ပြီး ယခုလွှဲပြောင်းပေးသည့် အလယ်တန်းအဆင့်စာအုပ်များကို Grade-6 ကစ၍ ထည့်သွင်းသင်ကြားမည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ယခင်နှစ်က ကောက်ယူသော စစ်တမ်းများအရ အစိုးရကျောင်း နှင့် ဘုန်းတော်ကြီးသင်ကျောင်း များရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားအရေ အတွက် ၁၀ သန်းခန့်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
‘‘အဲဒီတော့ ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ ၁၀ သန်းကို ကျွန်တော်တို့က ဖြောင့် မတ်တည်ကြည်မှု အသိပညာပေး တဲ့လုပ်ငန်းတွေကို ဆရာ၊ ဆရာမ တွေက သေချာလေး အသိပညာ ပေးဖို့ သင်ကြားပေးမယ်၊ လေ့ ကျင့်ပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ မိဘနှစ်ပါးနဲ့ပေါင်းလိုက်ရင် သန်း ၃၀ ဝန်းကျင်ရှိပါတယ်။ သန်း ၃၀ ကို အသိပညာပေးလိုက်တာနဲ့ အ တူတူပဲဖြစ်ပါတယ်။ ဒီသန်း ၃၀ ဆိုတာ မိသားစုဝင်တွေ ကိုယ့်ရဲ့ အိမ်နီးချင်းမိတ်ဆွေတွေပါ ပေါင်း လိုက်ရင် တစ်နိုင်ငံလုံးဖြစ်သွား မှာဖြစ်ပါတယ်’’ဟု ဒေါက်တာမျိုး သိမ်းကြီးကဆိုသည်။

7Day

0 comments:

Post a Comment