Tuesday, July 30, 2019

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်း နန်းတော်ရာ အရှေ့ဘက်မြို့ရိုး ပေ ၃၀ နီးပါး ပြိုကျ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်ရှိ သရေခေတ္တရာ ပျူမြို့ဟောင်း နန်းတော်ရာ အရှေ့ဘက်မြို့ရိုး ပေ ၃၀ နီးပါးခန့် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်ဒေသတွင် ဆက်တိုက်ဆိုသလို မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး သရေခေတ္တရာ ပျူမြို့ဟောင်း နန်းတော်ရာ အရှေ့ဘက်မြို့ရိုး တစ်နေရာတွင် ရေစိမ့်ဝင်မှုများနှင့် ရေလှိုက်စားမှုများရှိခဲ့ရာ ဇူလိုင် ၃၀ ရက် နံနက် ၄ နာရီခန့်က ပေ ၃၀ နီးပါးခန့် ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုမှ သိရသည်။
“မနေ့က ပြည်မှာ မိုးတအားရွာတယ်။ မနေ့က ညနေနဲ့ ညပေါ့။ သရေခေတ္တရာဇုန်ထဲမှာလည်း မိုးတအားရွာတယ်။ မနက်ပေါ့နော်။ လေးနာရီနဲ့ ငါးနာရီကြားမှာ အရှေ့ဘက်နန်းမြို့ရိုးပေါ့။ ပေ ၃၀ နီးပါးပေါ့နော်။ ကွာကျသွားတယ်။ ကျွန်တော်တို့က အချိန်မီ ထိန်းသိမ်းနိုင်ရင် ဒါမျိုးမဖြစ်ဘူးပေါ့။ ဘာလို့ဆိုတော့ မိုးရာသီမှာ ကျွန်တော်တို့ ပြည်ဒေသက မိုးကြီးတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေ ဖြစ်လေ့ဖြစ်ထရှိတယ်။ သို့သော်လည်းပဲ အရင်တုန်းကဆိုရင် ကျွန်တော်တို့ဆီက အင်ဂျင်နီယာတွေနဲ့ ကြိုပြီးဆန်းစစ်ချက်တွေ လုပ်တယ်။ ဘာတွေထိန်းသိမ်းဖို့ လိုတယ်ဆိုပြီး ဘတ်ဂျက်တင်ပြ တောင်းခံတဲ့အခါမှာ ကျလာရင်တော့ ထိန်းသိမ်းကာကွယ်လို့ ရတာပေါ့။ ကျတာနှေးတဲ့ အခါကျတော့ ဒီလိုမျိုးဖြစ်စဉ်တွေရှိတယ်။ ဒီအထဲမှာလည်း အလားတူ တင်ထားတာတွေရှိတယ်။ မိုးရွာရင် ဖြစ်နိုင်ခြေရှိတာတွေကို တင်ထားပါတယ်” ဟု ကမ္ဘာ့အမွေအနှစ်ဌာနခွဲ သရေခေတ္တရာဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောကြားသည်။
အဆိုပါ နန်းမြို့ရိုးမှာ နဂိုမူလနန်းမြို့ရိုးကို အခြေခံကာ လွန်ခဲ့သည့်နှစ်ပေါင်း ၃၅ နှစ်ခန့်က ပြန်လည် ပြင်ဆင်ထားခဲ့သည့် နေရာများဖြစ်ကာ သဲမြေစာများ ထည့်ခဲ့သည့်အတွက် ရေလှိုက်စားခြင်းခံရပြီး ကွာကျခဲ့ခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်များကစကာ မိုးရေစိမ့်ဝင်နေမှုကြောင့် အနည်းငယ်ဖောင်းကြွ အက်ကွဲမှုများ ရှိခဲ့သောကြောင့် ပြုပြင်ထိန်းသိမ်းရန် တင်ပြထားသော်လည်း ဘတ်ဂျက်အခြေအနေ နှောင့်နှေးနေမှုများကြောင့် အချိန်မီ ထိန်းသိမ်းလိုက်နိုင်ခြင်း မရှိကြောင်း သိရသည်။
၂၀၁၄ ခုနှစ် ဇွန်၂၂ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော ကမ္ဘာ့အမွေအနှစ် အစည်းအဝေးတွင် သရေခေတ္တရာ ပျူမြို့ဟောင်း အပါအဝင် ဟန်လင်း၊ ဗိဿနိုး၊ ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကိုက အသိအမှတ် ပြုခဲ့သည်။

Eleven Media Group

0 comments:

Post a Comment