Tuesday, July 30, 2019

သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေကို အသစ်ပြန်လည်ရေးဆွဲနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဇူလိုင် ၃၀ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ပြုလုပ်သည့် Seminar on Disaster Pervention Management and Recovery Techniques ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ်
သဘာဝဘေး စီမံခန့်ခွဲမှုဥပဒေကို အသစ်ပြန်လည်ရေးဆွဲနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဇူလိုင် ၃၀ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ပြုလုပ်သည့် Seminar on Disaster Pervention Management and Recovery Techniques ဖွင့်ပွဲ အခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအနေနဲ့ သဘာဝဘေးနဲ့ ပတ်သက်လို့ရှိရင် အထူးအာရုံအလေးထားပြီးတော့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတွေကို ပြောင်းလဲကျင့်သုံးလာတာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်ရဲ့ဦးတည် ချက်ထဲမှာက တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုတာ အဓိကမျှော်မှန်းတဲ့အချက်ဖြစ်ပါတယ်။ တရားဥပဒေစိုး မိုးရေးလို့ပြောလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ဆောင်ရွက်တဲ့စီမံကိန်းကိစ္စတွေဟာ ဥပဒေနဲ့ညီရမယ်။ ဥပဒေအတိုင်းလိုက် နာဆောင်ရွက်ရမယ်ဆိုတာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့်မလို့လည်း ကျွန်တော်တို့ သဘာဝဘေးနဲ့ပတ်သက်ရင် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေရှိပြီးသားပဲ။ ဒီဥပဒေထဲမှာ လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေကို အသစ်ပိုပြီးတော့ ထည့်နိုင်အောင်လို့ ကျွန်တော်တို့ ဒီနေ့ဆောင်ရွက်တဲ့ နည်းပညာအသုံးပြုတဲ့ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေကိုလည်း အသစ်ပြန်လည်ရေးဆွဲတဲ့ကိစ္စကိုလည်း ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သဘာဝဘေးဖြစ်စေ၊ လူကြောင့်ဖြစ်သည့်ဘေးဖြစ်စေ ရရှိပြီးသားဖြစ်သည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ယုတ်လျော့ခြင်း၊ ကျဆင်းခြင်းများဖြစ်ပေါ်နိုင်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရခြင်းကြောင့် ဝန်ထုပ်ဝန်ပိုးများဖြစ်စေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလဟဿဖြစ်စေခြင်းကြောင့် သဘာဝဘေးနှင့်လူကြောင့်ဖြစ်သည့်ဘေးများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်သည့်အပိုင်း အားကောင်းစေရန် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
“ကမ္ဘာ့ရာသီဥတုက အပြောင်းအလဲတွေ ဖြစ်နေတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ရာသီဥတုပြောင်းလဲတဲ့ ဒဏ်ကိုခံစားရတယ်။ ခံစားရတဲ့အခါကျတော့အခုဖြစ်ပေါ်နေတဲ့ ရာသီဥတုနဲ့ပတ်သက်တဲ့ ဘေးအန္တရာယ်ဟာ နဂိုကထက်စာရင် ပြင်းထန်တယ်။ နောက်ပြီးတော့ မမျှော်လင့်တဲ့ကိစ္စတွေ ဖြစ်နိုင်တယ်။ သဏ္ဍန်အသွင်အပြင်အားဖြင့်လည်း ပြောင်းလဲပြီးတော့ ဖြစ်ပေါ်နေတယ်။ အင်အားတွေလည်း တစ်ခါတရံပြင်းထန်တာရှိတယ်။ အဲဒီတော့ ပုံစံပြောင်းလာတာနဲ့အတူတူ ကျွန်တော်တို့တွေရဲ့ စီမံခန့်ခွဲမှုတွေဟာလည်း ပြောင်းလဲဆောင်ရွက်ရမှာဖြစ်ပါတယ်ב ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 
သဘာဝဘေးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်အဆင့်တွင် ဒုတိယသမ္မတ(၂)ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အမျိုးသားသဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပြီး ယင်းကော်မတီ၏အောက်တွင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ဥက္ကဋ္ဌအဖြစ်တာဝန် ဆောင်ရွက်သည့် လုပ်ငန်းကော်မတီ ၁၂ ခု ကိုလည်း ဖွဲ့စည်းထားကြောင်း၊ ယင်းလုပ်ငန်း ကော်မတီများသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကဏ္ဍအသီးသီးကို တာဝန်ယူဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment