Tuesday, July 30, 2019

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် တရားမ၀င်၍ ဥပဒေဖြင့် အရေးယူရန် မဟန ဆုံးဖြတ်၊ ဓမ္မစက်ဖြင့် အရေးယူမှုပြီးဆုံးဟု သာသနာရေးကြေညာ


အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် တရားမ၀င်အဖွဲ့အစည်းဖြစ်၍ အမည်သုံးစွဲခြင်းမပြုရန်၊ ၄၅ ရက်အတွင်း ဆိုင်းဘုတ်များအားလုံး ဖြုတ်ချရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်ပြီး လိုက်နာခြင်းမရှိပါက ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ ကျင်းပသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ၄၇ ပါး စုံညီ အထူးအစည်းအဝေးတွင် ၂၀၁၈ ခုနှစ်က ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက် ၅ ရပ်ကို ထပ်မံ အတည်ပြုလိုက်ကြောင်း၊ ယင်းဆုံးဖြတ်ချက် ၅ ရပ်မှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီး၏ လမ်းညွှန်မှု တောင်းခံခြင်းကို ပယ်ချရန်၊ ယင်းဖောင်ဒေးရှင်းသည် တရား မ၀င် ဖွဲ့စည်းထားသော အဖွဲ့အစည်းသာဖြစ်ကြောင်း ဆုံးဖြတ်ရန်၊ ယင်းဖောင်ဒေးရှင်း အဖွဲ့ဝင်အားလုံးသည် ယင်းအဖွဲ့အစည်းအမည်ကို သုံးစွဲလျက် မည်သည့်အမှုကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုရန်၊ နိုင်ငံတစ်ဝန်းရှိ ယင်းဖောင်ဒေးရှင်း၏ ဆိုင်းဘုတ်များအားလုံးကို ၄၅ ရက်အတွင်း ဖြုတ်သိမ်းရန်၊ အထက်ပါ ဆုံးဖြတ်ချက်များကို မလိုက်နာပါက ရဟန်းဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀ / ၉၀ ဖြင့် အရေးယူရန် ၊ လူဖြစ်ပါက သက်ဆိုင်ရာ တည်ဆဲဥပဒေဖြင့် အရေးယူရန်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကြေညာချက်တွင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့၏ အဓိက တာဝန်ရှိသော ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကာဘိဝံသနှင့် ဒုတိယဥက္ကဋ္ဌ ဦးသီလက္နန္မာဘိဝံသတို့ကို ဓမ္မစက်ဖြင့် ဆောင်ရွက်ရမည့် အခန်းကဏ္ဍ ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment