Monday, July 29, 2019

ဓားခုတ်ရာ လက်ဝင်မလျှိုရန် မဟနကို အင်းစိန်ရွာမဆရာတော် သတိပေး

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အနေနှင့် ဓားခုတ်ရာ လက်ဝင်လျှိုကာ သမိုင်းတရားခံဖြစ်မည့် အခြေအနေတွင် ရှိနေကြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဦးဆောင်ဆရာတော် အင်းစိန် ရွာမဆရာတော်က သတိပေးလိုက်သည်။ 
မဘသအဖွဲ့ကို အမည်ပြောင်းဖွဲ့စည်းထားသည့် ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းမှ ဦးဆောင်ဆရာတော်နှစ်ပါးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဩဝါဒပေးမည့် အစီအစဉ်ကို ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သည့် အင်းစိန်ရွာမဆရာတော်က လာရောက်ခဲ့ခြင်းမရှိဘဲ ယခုကဲ့သို့ စာပို့ သတိပေး အကြောင်းကြားလိုက်ခြင်းဖြစ်သည်။ 

အင်းစိန်ရွာမဆရာတော် ဦးတိလောကာ ဘိဝံသနှင့် ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌဖြစ်သူ မော်ကျွန်းဆရာတော် ဦးသီလက္ခန္ဓာ ဘိဝံသတို့ကို ဇူလိုင် ၂၉ ရက်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဩဝါဒကိုခံယူရန် အကြောင်းကြားခဲ့ပြီး အင်းစိန်ရွာမဆရာတော်က ယခုကဲ့သို့ ပြန်လည်အကြောင်းကြားလိုက်ခြင်းလည်း ဖြစ်သည်။ 

လက်ရှိ မဟနဆရာတော်များသည် သံဃာက အားကိုးတကြီး ရွေးချယ်တင်မြှောက်ထားသော သံဃာ့ကိုယ်စားအဖွဲ့ ဖြစ်ပါလျက် သံဃာ့မျက်နှာ သာသနာ့မျက်နှာကို မကြည့်ဘဲ သာသနာဖျက်လိုသူ အာဏာရှင်တစ်စု၏ ဖိအားပေးမှု ဘယာဂတိကို ရှေ့တန်းတင်ပြီး မပါးမနပ် ဆောင်ရွက်မယ်ဆိုလျှင် သူများဓားခုတ်ရာ လက်လျှိုခံ၊ အငှားဗိုက်နှင့် ဓားထိုးခံဖြစ်ရုံမက ကိုယ့်ဆင်က ကိုယ့်တပ်ကို ပြန်နင်းသတ်သလို ဆရာတော်များပင် သမိုင်းတရားခံ ဖြစ်သွားနိုင်ကြောင်း အင်းစိန်ရွာမဆရာတော်၏ အကြောင်းပြန်စာတွင် ဖော်ပြထားသည်။

ထို့ပြင် အင်းစိန်ရွာမဆရာတော်က ၎င်းအနေနှင့် နိုင်ငံတော်ဩဝါဒစရိယ ဖြစ်သည့်အတွက် နိုင်ငံတော်ကိုလည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယကကိုလည်းကောင်း ဩဝါဒပေးရမည့် ဆရာတော်တစ်ပါးဖြစ်ကြောင်း မဟနထံ ပေးပို့ထားသည့် အကြောင်းပြန်စာတွင် ဖော်ပြထားသည်။

အချို့သော မဟနအဖွဲ့ဝင်များသည့် နိုင်ငံတော်ဩဝါဒစရိယဟူသော ဂုဏ်ပုဒ် ကိုမငဲ့ဘဲ လုပ်ထုံးလုပ်နည်းနှင့် ကျော်လွန်ကာ ခေတ္တရယူထားသည့် မဟနရာထူးဖြင့် စော်ကားပြောဆိုဖူးခဲ့သည့်အတွက် ယင်းသို့ မလာရောက်ဘဲ စာဖြင့်သာ အကြောင်းပြန်ကြားရခြင်းဖြစ်ကြောင်း ယင်းအကြောင်းပြန်စာတွင် ဖော်ပြထားသည်။

မဟနအနေနှင့် အဆိုပါ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းက ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ဖောင်ဒေးရှင်း နှစ်ပတ်လည်ပွဲတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်များ၊ ပြောကြားချက်များနှင့် ပတ်သက်၍ ယင်းသို့ ဦးဆောင်ဆရာတော် နှစ်ပါးကို ဩဝါဒပေးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဗဟို၏ နှစ်ပတ်လည် စုံညီ ဩဝါဒခံယူပွဲအပြီး ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ကာ ယင်းအဖွဲ့မှ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုနှင့် စာရိတ္တပညာ မြင့်မားရေး လုပ်ငန်းများ၊ ရေဘေး မီးဘေး စသော သဘာဝဘေးသင့် ပြည်သူများအတွက် ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ စသည်တို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကိုလည်း ယင်းအခမ်းအနားတွင် ရှုတ်ချခဲ့ကာ လက်ရှိအစိုးရကို မဲမပေးဘဲ ဖယ်ရှားသွားရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

The Voice

0 comments:

Post a Comment