Wednesday, July 31, 2019

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသတွင် ဆိုးဆိုးရွားရွား ရေကြီးနေ

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ အရှေ့တောင်ပိုင်းက အီရာခုစ်ဒေသမှာ ဆိုးဆိုးရွားရွား ရေကြီးနေပြီး ဇူလိုင် ၃၀ ရက်နေ့က  မြစ်ချောင်းတွေမှာ တမီတာလောက်အထိ ရေမြင့်တက်နေတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ 

အီယာမြစ်ဟာ စိုးရိမ်ရေအမှတ် ၁,၁၀၀ စင်တီမီတာကျော်အထိ မြင့်တက်နေပြီး လာမယ့် ရက်ပိုင်းအတွင်း ထပ်တိုးလာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ တူလန်မြို့ အာဏာပိုင်တွေက ပြောပါတယ်။ 
လက်ရှိမှာ တူလန်မြို့ကို ရုရှားအရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေး ဝန်ထမ်းတွေ ရောက်နေပြီး ပေါင်မုန့်နဲ့ ရေတွေ ထောက်ပံ့ပေးခဲ့ကြပါတယ်။ 
အီရာခုစ်ဒေသက မြို့နယ်ကျေးရွာ စုစုပေါင်း ၂၀မှာ ရေဘေးသင့်နေတယ်လို့ အဲဒီ ဝန်ကြီးဌာနက ပြောပါတယ်။ 
အီရာခုစ်ဒေသမှာ ဇွန်လကုန်ကလည်း  ရေကြီးရေလျှံတာတွေကြောင့် လူ ၂၅ယောက် သေဆုံးခဲ့ပြီး ဒေသခံ ၄၀၀၀၀ လောက် အိုးအိမ်ဆုံးရှုံးခဲ့ရပါတယ်။ 
ဇွန်လ ၂၅ ရက်နေ့က ဆိုက်ဘေးရီးယားဒေသတောင်ပိုင်းကို ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးရေတွေနဲ့ တောင်ကျရေတွေကြောင့် မြစ်ချောင်းတွေမှာ စိုးရိမ်ရေ အမှတ် ရောက်ရှိခဲ့ပါတယ်။ 
အဲဒီရေဘေးကြောင့်  လမ်းတံတား ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆သန်းနဲ့ စိုက်ပျိုးရေးကဏ္ဍမှာလည်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်းဖိုးလောက်ဆုံးရှုံးခဲ့ တယ်လို့ ရုရှား Tass  သတင်းဌာနက ပြောပါတယ်။ 
ဓာတ်ပုံ-AP
DVB

0 comments:

Post a Comment