Wednesday, July 31, 2019

ရုပ်ရှင်ရုံများတွင် ရုပ်ရှင်မပြသမီ ပညာပေးဇာတ်လမ်းများ ပြသရန် စီစဉ်

Image may contain: sky and outdoor

ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်မပြသမီ ပြည်သူတွေကိုပညာပေးတဲ့ ဇာတ်လမ်းတွေ၊ ဆောင်ပုဒ်တွေကို ပြသသွားဖို့ စီစဉ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ပြောပါတယ်။
ဇူလိုင်(၃၁)ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တွံ့ တေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင်မေးမြန်းခဲ့တဲ့ ပြည်သူတွေအတွက်၊ အသိပညာပေးမှုတွေ လိုက်နာရမယ့်ဆောင်ပုဒ်တွေကို ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်မပြမီ ပြသဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ရုပ်ရှင်ရုံများတွင် ဇာတ်ကားမပြသမီ ပညာပေးဇာတ်လမ်းတိုများ၊ ပညာပေးဆောင်ပုဒ်များ ပြသပေးရန်လိုအပ်မည်ဆိုပါက သက်ဆိုင်ရာမှ မူဝါဒလမ်းညွှန်မှုရယူကာ သင့်တော်သည်များကို ဒစ်ဂျစ်တယ်စနစ်နဲ့ ရိုက်ကူးကာ အချိန်ကာလတစ်ခုသတ်မှတ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးမပြသမီ ပြသပေးနိုင်မှာဖြစ်ပါတယ်”လို့ ဦးအောင်လှထွန်းက ပြောပါတယ်။
ဒီလိုပညာပေးဇာတ်လမ်းတွေ၊ ဆောင်ပုဒ်တွေကို ရုပ်ရှင် ဖလင်ခေတ်မှာတုန်းက ပြသခဲ့ပေမယ့်လည်း ဒစ်ဂျစ်တယ်ခေတ်ကိုကူးပြောင်းတဲ့ချိန်မှာ အချိန်ကန့်သတ်ချက်အရ မထည့်သွင်းတော့ဘဲ လက်ရှိအချိန်မှာ နိုင်ငံတော်သီချင်းတစ်ခုထဲကိုသာ ပြသနေတာဖြစ်တယ်လို့ သိရပါ။
မြန်မာ့ရုပ်ရှင်ကို ပြည်သူတွေက ပြန်လည်အားပေးလာကြတဲ့အချိန်မှာ ပြည်သူတွေလိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေ လိုက်နာရမယ့်ဝတ္တရားတွေ၊ ပညာပေးဆောင်ပုဒ်တွေကို ရုပ်ရှင်ကနေတစ်ဆင့် ပြည်သူတွေဆီအရောက်ပို့ပေးဖို့ လိုတယ်လို့ မေးခွန်းမေးမြန်းတဲ့ တွံ့တေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောပါတယ်။
လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရုပ်ရှင်ရုံပေါင်းတစ်ရာကျော်အထိရှိနေပြီး ရုပ်ရှင်ပြသချိန်
တစ်ရက်လေးကြိမ်နှုန်းနဲ့တွက်ချက်ပါက နေ့စဉ် ရုပ်ရှင်ကြည့်ပရိသတ် တစ်သောင်းကျော်ကို အသိပညာတွေ ဝေမျှနိုင်လိမ့်မယ်လို့ ဦးမြင့်လွင်က ပြောပါတယ်။
Image may contain: sky, cloud, tree and outdoor


သတင်း - သိန်းကိုလွင် 
ဓာတ်ပုံ - Mingalar Cinemas (FB)

0 comments:

Post a Comment