နှစ်ပေါင်းများစွာ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့တဲ့အတွက် တိုင်းပြည် ခေတ်နောက်ကျကျန်နေခဲ့ပြီး လိုအပ်ချက်တွေ များနေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။
“ပညာရေးမှာတော့ နှစ်ပေါင်းများစွာ မရင်းနှီး မမြှုပ်နှံခဲ့တဲ့အတွက် ခေတ်နောက်ကျကျန်နေ ခဲ့တာဖြစ်တဲ့အတွက် လိုအပ်ချက်အင်မတန်များပြားပါတယ်။ မပြည့်စုံမှု အင်မတန်များပြား ပါတယ်။ အခက်အခဲ အင်မတန်များပြားပါတယ် ” လို့ ဆိုပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မွန်ပြည်နယ် မဲဆန္ဒနယ်က ဦးမျိုးဝင်းရဲ့ မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းတွေမှာ လိုအပ်နေတဲ့ ကျောင်းဆောင်တွေ ကို တင်ပြတောင်းခံတာမှာ တွက်ချက်မှုတွေကို ပညာရေးဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံးအတွက် တပြေးညီ မူဝါဒတခု ချမှတ်လုပ်ဆောင်ပေးဖို့ အစီစဉ် ရှိ မရှိ မေး ခွန်းကို ဖြေဆိုတာမှာ အခုလို ပြောဆိုလိုက်တာပါ။
၂၀၁၈-၁၉ ပညာသင်နှစ် တွက်ချက်ထားမှုအရ တနိုင်ငံလုံးမှာ အနည်းဆုံး ကျောင်းဆောင် ၄၅၀၀၀ လောက် လိုအပ် နေပေမယ့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာကျောင်းဆောင်ပေါင်း ၄၇၉၉ ဆောင်ပဲ ရတယ်လို့ ဆိုပါတယ်။
“အများဆုံးရရှိတဲ့ အရေအတွက် ဖြစ်တဲ့အတွက် လိုနေတာ ၄၅၀၀၀ လောက် လိုနေတယ်။ အများဆုံးတတ်နိုင်တဲ့ အရေအတွက်သည် ၄၇၀၀ ဖြစ်တဲ့အတွက် နှစ်စဉ် ဒီလောက်ပဲရမယ်ဆိုရင် ၁၀ နှစ်ကျော်လောက်ကြာမှာဖြစ်ပါတယ်။ ဒါတွေကို လုံလောက်ဖို့လို့အတွက်ဆိုတာသည် ခက်ခဲပါတယ် ” လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်က စီမံကိန်းလုပ်ငန်းတွေ အတည်ပြုပြီးရင် ပြင်ဆင်ဖို့ခက်ခဲတဲ့ အတွက် ဒေသအခြေအနေရ ပုံစံပြောင်းလည်း ဆောက်လုပ်ဖို့လိုအပ်တဲ့ ကျောင်းတွေရှိရင်လည်း စီမံကိန်းလုပ်ငန်းပြုစုနေတဲ့အချိန်ကတည်းက ပူး ပေါင်းဆောင်ရွက်ပေးဖို့လိုတယ်လို့ ဆိုပါတယ်။
DVB
0 comments:
Post a Comment